ပြည်သူ၏ ယုံကြည်မှုရစေရန် တပ်မတော်ပိုင် မီဒီယာများမှတဆင့် ဆောင်ရွက်နေ

ပြည်သူ၏ ယုံကြည်မှုရစေရန် တပ်မတော်ပိုင် မီဒီယာများမှတဆင့် ဆောင်ရွက်နေ

ရန်ကုန် (မဇ္ဈိမ) ။ ။ တပ်မတော်၏ အခြေအနေအားလုံးကို ပြည်သူများ ပိုမိုသိရှိစေပြီး ပြည်သူ၏ ယုံကြည်မှုရရှိစေရန် တပ်မတော်ပိုင် မီဒီယာများမှတဆင့် ဆောင်ရွက်နေကြောင်း တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တပ်မတော်၏ လုပ်ဆောင်ချက်များကို ပြည်သူသိစေရန် ဆောင်ရွက်ပေးနေခြင်းသည်ပင် တပ်မတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတရပ်ဖြစ်သည်ဟု ဘီဘီစီအသံလွှင့်ဌာနသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ Social Network ကနေပြီးတော့ တင်ပြသလို မြဝတီသတင်းဌာနရှိတယ်၊ မြဝတီသတင်းစာရှိတယ်၊ မြဝတီရုပ်မြင်သံကြားရှိတယ်။ ကျွန်တော်တို့ရဲ့ မီဒီယာကနေပြီးတော့ ပြည်သူသိအောင်လို့ လုပ်တယ်။ ကျွန်တော် ကိုယ်တိုင်လည်း မီဒီယာတွေနဲ့ ထိတွေ့မှုအများကြီးလုပ်တယ်။ အရင်ကတော့ သတင်းစာရှင်းလင်းပွဲလေး၊ ဘာလေးတော့ လုပ်တာပဲရှိပါတယ်။ သို့သော်လည်း တစ်ဦးချင်းရဲ့ ထိတွေ့မှုဆိုတာ အင်မတန်နည်းပါတယ်။ ကျွန်တော့်လက်ထက် မှာတော့ ကျွန်တော်မီဒီယာတွေနဲ့ အကုန်တွေ့တယ်။ မီဒီယာအဖွဲ့တွေ ဆို ၃ ကြိမ်လောက် တွေ့ခဲ့ပြီးဖြစ်သလိုပဲ တစ်ခြားတွေ့သင့်တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း အများကြီး တွေ့ခဲ့ပြီး ဖြစ်ပါတယ်။" ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

တပ်မတော်သားများသည် ပြည်သူမှမွေးဖွားလာသူများဖြစ်သဖြင့် ပြည်သူသည် တပ်မတော်၏ မိဘဖြစ်ပြီး ပြည်သူနှင့် တပ်မတော်သည် ကင်းကွာ၍မရဟု ဗိုလ်ချုပ်မှူးကြီးက ခံယူထားသည်။

ပြည်သူ၏ အကျိုးစီးပွားနှင့် တိုင်းပြည်အန္တရာယ်အား ကာကွယ်နေသည့် တပ်မတော်တစ်ရပ် ဖြစ်ကြောင်း သိခြင်းအားဖြင့် "ပြည်သူနဲ့တပ်မတော်ဟာ အမြဲတမ်း တစ်သားတည်း ဖြစ်နေမယ့် အခြေအနေမျိုးကို ရောက်စေချင်တဲ့ ဆန္ဒလည်း ကျွန်တော့်မှာရှိတယ်။" ဟု ဗိုလ်ချုပ်မှူးကြီးက ဘီဘီစီသို့ ပြောသည်။

ထို့ပြင် Facebook ကဲ့သို့ Social Media အတုများက Account အတုများနှင့် တပ်မတော်အား ဒုက္ခပေးမှုများရှိသဖြင့် တပ်မတော်အနေဖြင့် Social Media လုပ်ဆောင်လာရခြင်းဖြစ်ပြီး မဟုတ်မမှန် စွပ်စွဲတိုက်ခိုက်မှုများ လျော့နည်းသွားမည်ဟု ယုံကြည်ကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly