လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် ဂျာမနီကို နမ်မီဘီးယား တိုင်းရင်းသားအုပ်စုများ တရားစွဲ

လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် ဂျာမနီကို နမ်မီဘီးယား တိုင်းရင်းသားအုပ်စုများ တရားစွဲ

ဇန်နဝါရီ ၆ ။              ။ လွန်ခဲ့သော ရာစုနှစ်တစ်စုကြာက နမ်မီဘီးယားတွင် ဂျာမနီကိုလိုနီအုပ်စိုးသူတို့ ကျူးလွန်သွားခဲ့သည်ဆိုသော လူမျိုးတုန်းသတ်ဖြတ်မှုအတွက် လျော်ကြေးပြန်ရရေးအတွက် နမ်မီဘီးယား တိုင်းရင်းသား မျိုးနွယ်စုနှစ်စုက ဂျာမနီကို တရားစွဲဆိုထားသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နမ်မီဘီးယားမှ Ovaherero နှင့် Nama မျိုးနွယ်စုနှစ်စုက အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ယင်းအမှုကို စွဲဆိုတိုင်တန်းခဲ့ခြင်းဖြစ်ကာ အဆိုပါကိစ္စအပေါ် နှစ်နိုင်ငံတာဝန်ရှိသူများအကြား   ဆွေးနွေးညှိနှိုင်းရာတွင် ၎င်းတို့မျိုးနွယ်စုများဘက်မှ ကိုယ်စားလှယ် ပါ၀င်နိုင်ရေးကိုပါ တောင်းဆိုခဲ့ကြသည်။

၁၉၀၄-၀၅ ခုနှစ်များက အစုလိုက်အပြံုလိုက်သတ်ဖြတ်ခံရသည်ဆိုသော ဖြစ်စဉ်ကိစ္စရပ်များနှင့်ပတ်သက်၍ ဂျာမနီ-နမ်မီဘီးယား နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ဂျာမနီတို့ဘက်ကမူ လူမျိုးတုန်းသတ်ဖြတ်မှုကိုသာမက လျော်ကြေးပေးဆောင်ရေးကိုပါ လက်မခံဘဲ ငြင်းဆန်ထားသည်။

တရားစွဲဆိုသူများဘက်က ပြောကြားရာတွင် လွန်ခဲ့သည့်နှစ်များစွာ အကြာက ဂျာမန်ကိုလိုနီတို့လက်ကျရောက်စဉ် ဖြစ်ထားခဲ့သည့် မျိုးတုန်းသတ်ဖြတ်မှုများအတွက် ပြန်လည် အစားလျော်   ပေးစေလိုကြောင်း  ပြောသည်။

ယင်းအပြင် နှစ်နိုင်ငံအကြား ဆွေးနွေးမှုများတွင် ၎င်းတို့မျိုးနွယ်စုများ၏ ကိုယ်စားလှယ်များ ထည့်သွင်းပါ၀င်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့မပါဘဲဖြင့် မည်သည့် ကျေအေးသဘောတူညီချက်မျိုးမှ ရရှိနိုင်မည် မဟုတ်ကြောင်း ၎င်းမျိုးနွယ်စုများက ပြောသည်။

လွန်ခဲ့သည့် ၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်းကာလက ယခု နမ်မီဘီးယားမှာ ဂျာမနီတို့၏ ကိုလိုနီအဖြစ် ရှိနေခဲ့ခြင်း ဖြစ်ကာယင်းအချိန်ကဖြစ်ထားခဲ့သည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ယခုထက်ထိ အငြင်းပွားမှုများ ရှိနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly