ကချင်လူငယ် မောင်ဂွမ်ဆိုင်းအောင် သေနတ်ထိမှန်သေဆုံးမှု အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်

ကချင်လူငယ် မောင်ဂွမ်ဆိုင်းအောင် သေနတ်ထိမှန်သေဆုံးမှု အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်
 Photo-The Kachin Times ဖေ့ဘုတ်

ချင်းမိုင်၊ဇန်နဝါရီလ ၆  ။              ။ ကချင်ပြည််နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားအနီး သေနတ်ထိမှန် သေဆုံးခဲ့သော မောင်ဂွမ်ဆိုင်းအောင်အမှုကို တပ်မတော်မှ ရဲတပ်သား မောင်မောင်အား ဇန်နဝါရီလ ၅ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

၄င်းအမှုကို ၅ လကြာ စစ်ဆေးခြင်းမရှိဘဲ တပ်မတော်ဘက်မှ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ရှိ အကျဉ်းစစ်တရားရုံးတွင် အမှုစစ်ဆေးရာ ရဲတပ်သားဘက်မှ သက်သေနှင့် မောင်ဂွမ်ဆိုင်းအောင်ဘက်မှ သူငယ်ချင်း မောင်ထွယ်ဆိုင်းအောင်တို့ သက်သေထွက်ဆိုပြီး ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“မနေ့က အမိန့်ချလိုက်တယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှာ ပြစ်ဒဏ်က လူသေမှုမြောက်တယ် ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်။ ပြီးတော့ သူ့ကို တပ်ကနေ ထုတ်ပယ်တယ်ဆိုတာ ဖတ်ပြတယ်”ဟု တရားလိုဖက်မှ ကူညီဆောင်ရွက်ပေးနေသူ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ တာဝန်ခံ ဦးဇော်ဂျတ်က ပြောသည်။

သေဆုံးသူ ဂွမ်ဆိုင်းအောင်၏ မိဘများကို တရားခံအား ထောင်ဒဏ် ၂ နှစ်နှင့် အလုပ်ကြမ်းသာ ချမှတ်ခဲ့မှုကို မကျေနပ်သဖြင့် အရပ်ဘက် တရားရုံးသို့ ပြန်လည် စစ်ဆေးရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

“ကျေနပ်မှုတော့ မရှိပါဘူး။ သူတို့က သားတယောက်လုံး ဆုံးသွားတဲ့ဟာကို ဟိုဘက်က နှစ်နှစ်ပဲချတဲ့အပေါ်မှာ ကျေနပ်မှု မရှိဘူး။ ကျွန်တော်တို့က ရှေ့ဆက် အရပ်ဘက် တရားရုံးကို ရှေ့နေတွေနဲ့   သေချာအကြံဉာဏ်တောင်းပြီး ဥပဒေနည်းလမ်းအတိုင်း ဆက်လုပ်ဖို့ရှိတယ်”ဟု သူက ပြောသည်။

အသက် ၁၉ နှစ်အရွယ် မောင်ဂွမ်ဆိုင်းအောင်သည် မြစ်ကြီးနားမြို့တွင် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်သည်။

မောင်ဂွမ်ဆိုင်းအောင် သေဆုံးပြီးနောက် ကချင်လူငယ်အများအပြားက သူ၏ ရုပ်အလောင်းကို မြစ်ကြီးနား ပြည်သူ့ဆေးရုံမှ ဂျွန်းပင်သာရပ်ကွက်ရှိ နေအိမ်သို့ လမ်းလျှောက်၍ သယ်ဆောင်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ညက တပ်မတော်သား မောင်မောင်က ဗလမင်းထင်တံတား လုံခြံုရေး တာဝန်ထမ်း ဆောင်နေချိန်တွင် အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား နှစ်ဦးတို့မှ သူတို့အား လူ ၈ ဦး လိုက်လံနှောက်ယှက်နေသည်ဟု ဆိုကာ အကူအညီတောင်းရာမှ လိုက်ပို့ပေးသည့်အချိန်တွင် လမ်းတွင် လူ ၈ ဦးနှင့် လုံးထွေးထိုးကြိတ်ခဲ့ပြီး သေနတ်အား လုယက်စဉ်   သေနတ်ကျည်ပေါက်ထွက်ပြီး   မောင်ဂွမ်ဆိုင်းအောင် ကျည်ဆံထိမှန် သေဆုံးခဲ့သည်ဟု ပြည်နယ် ရဲတပ်ဖွဲ့က သတငး်စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly