ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်နှစ်စီး တိုက်မိ

ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်နှစ်စီး တိုက်မိ
ဓာတ်ပုံ-ရွှေစွန်ညို

မုံရွာ၊ ဇန်နဝါရီ ၆။          ။ ချင်းတွင်းမြစ်အတွင်း မင်းကင်းမြို့နယ်အနီးတွင် ဇန်နဝါရီလ ၅ ရက်၊  ည ၈ နာရီခန့်က အမြန်ရေယာဉ်နှစ်စီး တိုက်မိခဲ့ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာ အထက် (၁)မိုင်ခန့်အကွာတွင် ကုန်တင်ရေယာဉ်နှင့် ခရီးသည်တင်ရေယာဉ်တို့ တိုက်မိခဲ့ကြခြင်းဖြစ်ပြီး လူသေဆုံးမှုမရှိကြောင်း သိရသည်။

ဟုမ္မလင်းမှ မုံရွာသို့ စုန်လာသော စိုးသူရအောင် ခရီးသည်တင်အမြန်ရေယာဉ် နှင့် မုံရွာမှဆန်တက်လာသော ဂျိုးဝါ ကုန်တင်အမြန်ရေယာဉ်တို့ တိုက်မိခဲ့ပြီး ခရီးသည် (၂)ဦးသာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရေယာဉ်နှစ်စီးတိုက်မိခဲ့သောနေရာသည် မြစ်ကြောင်း ကျဉ်းမြောင်း၍ ရေကြောင်းလုမောင်းရာမှ ပွတ်တိုက်မိခဲ့ကြခြင်း ဖြစ်ပြီး ခရီးသည်တင်ရေယာဉ်တွင် အမိုး(၁၅) ပေခန့် ပျက်စီးခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ရေကြောင်းကြပ်လို့ဖြစ်ခဲ့တာပါ။ အဲ့ဒီနားလေးမှာ သောင်ခုံရှိနေတယ်။ ဒါ့ကြောင့် သောင်ခုံကိုရှောင်ရင်းနဲ့ တစ်စီးနဲ့တစ်စီး တိုက်မိတာပါ၊ ခရီးသည်တွေ အသက်အန္တရာယ်မရှိခဲ့ပါဘူး" ဟု ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သန်းက ပြောသည်။

ခရီးသည်တင်အမြန်ရေယာဉ်ပေါ်တွင် ခရီးသည် (၄၀)ကျော်လိုက်ပါလာပြီး ကုန်တင် အမြန်ရေယာဉ်ပေါ်တွင် ဒီဇယ်ပေပါ(၄၀၀) ခန့်ကို တင်ဆောင်လာကြကြောင်း သိရသည်။

အဆိုပါ အမြန်ရေယာဉ်နှစ်စီးအား မင်းကင်းမြို့နယ်၊ မောက္ကတော်နယ်မြေရဲစခန်းမှ (ပ)၂/၂၀၁၇၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၀/ ၃၃၇/ ၃၃၈ တို့ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly