အလဲဗင်းမီဒီယာဂရု၏ စီအီးအိုနှင့် အယ်ဒီတာချုပ်တို့အား တာမွေမြို့နယ် တရားရုံးမှ နှစ်ဦးလုံးကို အာမခံပေး

အလဲဗင်းမီဒီယာဂရု၏ စီအီးအိုနှင့် အယ်ဒီတာချုပ်တို့အား တာမွေမြို့နယ် တရားရုံးမှ နှစ်ဦးလုံးကို အာမခံပေး

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၆၆ (ဃ) ဖြင့်တရားစွဲဆိုထားသော အလဲဗင်းမီဒီယာဂရု၏ စီအီးအိုနှင့် အယ်ဒီတာချုပ်တို့အား ယနေ့ရုံးထုတ်ရာတွင် တာမွေမြို့နယ်တရားရုံးမှ နှစ်ဦးလုံးကို အာမခံပေးလိုက်သည်ဟု သိရသည်။

ဒီကနေ့မနက် ၁၀ နာရီခွဲ အချိန်ခန့်က တာမွေမြို့နယ် တရားရုံးမှာ ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး Eleven CEO ဒေါက်တာသန်းထွဋ်အောင် နဲ့ အယ်ဒီတာချုပ်ဦးဝေဖြိုးတို့ကို ယခုလိုအာမခံပေးခဲ့ခြင်းဖြစ်သည်။

ဒေါက်တာသန်းထွဋ်အောင်မှ ပြီးခဲ့နှစ် နိုဝင်ဘာလ ၃၀ ရက်မှစပြီး ဆေးအာမခံ လျှောက်ထားခဲ့ပြီး တရားရုံးမှ ပယ်ချခဲ့ကာ ဒီဇင်ဘာ ၉ ရက်၊ တတိယအကြိမ် ရုံးထုတ်တွင်လည်း   ချော်လဲခဲ့သဖြင့်   ဆေးအာမခံထပ်မံလျှောက်ထားခဲ့သည်။

ဒီဇင်ဘာလ ၂၂ ရက် ရုံးချိန်းတွင် ကျန်းမာရေးစစ်ဆေးမှုတင်ပြချက်အား အကြောင်းပြချက်မခိုင်လုံဟု တရားသူကြီး ဒေါ်ကေသီလှိုင်မှ ဆုံးဖြတ်ကာ ယင်းအာမခံအား ပယ်ချပြီး ဖြစ်ရာမှ ယနေ့ရုံးချိန်းတွင်   နှစ်ဦးလုံးအား အာမခံပေးလိုက်ခြင်းဖြစ်သည်။

၀န်ကြီးချုပ်တစ်ဦးအား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၁ သိန်းတန် နာရီတစ်လုံး ပေးခဲ့ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့ Daily Eleven သတင်းစာပါ အာဘော်တွင် ဖော်ပြခဲ့ခြင်းနှင့် စပ်လျဉ်းပြီး Eleven CEO ဒေါက်တာသန်းထွဋ်အောင် နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တိုင်းအစိုးရအဖွဲ့က နိုဝင်ဘာ ၁၀ ရက်နေ့က တာမွေမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly