ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၆၆ (ဃ) ဖြင့်တရားစွဲဆိုထားသော အလဲဗင်းမီဒီယာဂရု၏ စီအီးအိုနှင့် အယ်ဒီတာချုပ်တို့အား ယနေ့ရုံးထုတ်ရာတွင် တာမွေမြို့နယ်တရားရုံးမှ နှစ်ဦးလုံးကို အာမခံပေးလိုက်သည်ဟု သိရသည်။
ဒီကနေ့မနက် ၁၀ နာရီခွဲ အချိန်ခန့်က တာမွေမြို့နယ် တရားရုံးမှာ ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး Eleven CEO ဒေါက်တာသန်းထွဋ်အောင် နဲ့ အယ်ဒီတာချုပ်ဦးဝေဖြိုးတို့ကို ယခုလိုအာမခံပေးခဲ့ခြင်းဖြစ်သည်။
ဒေါက်တာသန်းထွဋ်အောင်မှ ပြီးခဲ့နှစ် နိုဝင်ဘာလ ၃၀ ရက်မှစပြီး ဆေးအာမခံ လျှောက်ထားခဲ့ပြီး တရားရုံးမှ ပယ်ချခဲ့ကာ ဒီဇင်ဘာ ၉ ရက်၊ တတိယအကြိမ် ရုံးထုတ်တွင်လည်း ချော်လဲခဲ့သဖြင့် ဆေးအာမခံထပ်မံလျှောက်ထားခဲ့သည်။
ဒီဇင်ဘာလ ၂၂ ရက် ရုံးချိန်းတွင် ကျန်းမာရေးစစ်ဆေးမှုတင်ပြချက်အား အကြောင်းပြချက်မခိုင်လုံဟု တရားသူကြီး ဒေါ်ကေသီလှိုင်မှ ဆုံးဖြတ်ကာ ယင်းအာမခံအား ပယ်ချပြီး ဖြစ်ရာမှ ယနေ့ရုံးချိန်းတွင် နှစ်ဦးလုံးအား အာမခံပေးလိုက်ခြင်းဖြစ်သည်။
၀န်ကြီးချုပ်တစ်ဦးအား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၁ သိန်းတန် နာရီတစ်လုံး ပေးခဲ့ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့ Daily Eleven သတင်းစာပါ အာဘော်တွင် ဖော်ပြခဲ့ခြင်းနှင့် စပ်လျဉ်းပြီး Eleven CEO ဒေါက်တာသန်းထွဋ်အောင် နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တိုင်းအစိုးရအဖွဲ့က နိုဝင်ဘာ ၁၀ ရက်နေ့က တာမွေမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။