တူရကီ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်သွေးကြွများကို တားဆီးကာကွယ်ရင်း ကျဆုံးသွားသည့် ရဲဝန်ထမ်းကို သူရဲကောင်းအဖြစ် ချီးကျူး

တူရကီ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်သွေးကြွများကို တားဆီးကာကွယ်ရင်း ကျဆုံးသွားသည့် ရဲဝန်ထမ်းကို သူရဲကောင်းအဖြစ် ချီးကျူး

ဇန်နဝါရီ ၆ ။               ။ လူနှစ်ဦးသေဆုံးသွားခဲ့သည့် ဇန်နဝါရီ ၅ ရက် တူရကီကားဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်စပ်လျင်း၍ အာဏာပိုင်များက ကာဒစ်ရှ် စစ်သွေးကြွများကို ပြစ်တင်ပြောကြားသွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် ကျဆုံးသွားသော ရဲဝန်ထမ်းကို သူရဲကောင်းအဖြစ် တာဝန်ရှိသူများက ချီးကျူးသွားခဲ့သည်။

ယင်းနေ့က နိုင်ငံရှိ Izmir မြို့တွင် ဖြစ်ပေါ်ခဲ့သော ကားဗုံးခွဲတိုက်ခိုက်မှုတွင် လုပ်ဆောင်သူ စစ်သွေးကြွများနှင့် လုံခြံုရေးများအကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သေးပြီး စစ်သွေးကြွတစ်ဦးလွတ်မြောက်သွားကြောင်း သိရသည်။

ယင်း နိုင်ငံကို တုန်လှုပ်စေခဲ့သည့် ၃၉ ဦးသေဆုံးသွားသော နိုက်ကလပ်အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း ရက်ပိုင်းသာ ကြာမြင့်သေးချိန်တွင် ယခုကဲ့သို့ နောက်တစ်ကြိမ် တိုက်ခိုက်ခံရမှုဖြစ်စဉ် ထပ်မံပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ယခုဖြစ်စဉ်တွင် Izimir မြို့ရှိ တရားရုံးတစ်ခုပြင်ပတွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အာဏာပိုင်များက ကာဒစ်ရှ် အလုပ်သမားပါတီ PKK အဖွဲ့ လုပ်ဆောင်ကြောင်း ပြစ်တင်ပြောကြားထားသည်။

အလားတူ ရဲဝန်ထမ်းတစ်ဦးနှင့် တရားရုံးဝန်ထမ်းတစ်ဦးတို့ သေဆုံးသွားကြောင်း တူရကီ ဒုဝန်ကြီးချုပ် Veysel Kaynak က ပြောသည်။

ယင်းဖြစ်စဉ်တွင် အပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ခဲ့ပြီး စစ်သွေးကြွနှစ်ဦး သေဆုံးသွားကြောင်းနှင့် တစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း ၎င်းက ပြောသည်။

နိုင်ငံပိုင် သတင်းအေဂျင်စီ Anadolu ၏ ဖော်ပြချက်အရ သံသယရှိသူနှစ်ဦး ထိန်းသိမ်းထားမိကြောင်း သိရသော်လည်း ၎င်းတို့မှာ ယခုစစ်သွေးကြွများထဲတွင်ပါ၀င်သူများ ဖြစ်မဖြစ် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Izmir မြို့အကြီးအကဲ Erol Ayyildiz ၏ အဆိုအရ ယခုဖြစ်စဉ်တွင် သေဆုံးသွားသည့် ရဲဝန်ထမ်းမှာ ဖောက်ခွဲရေးပစ္စည်းများတပ်ဆင်ထားသော ကားကို တားဆီးရန် ကြိုးစားခဲ့ပြီးနောက် ယင်းကားမှာ ပေါက်ကွဲသွားကြောင်း၊ ယင်းနောက် စစ်သွေးကြွများမှာ ထွက်ပြေးကြခဲ့ရာမှတဆင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။ ခုနစ်ဦးထိ ဒဏ်ရာအသီးသီး ရရှိသွားကြောင်းလည်း Ayyildiz က ပြောသည်။

သေဆုံးသွားသော ရဲဝန်ထမ်း Fethi Sekin မှာ ယခုကဲ့သို့ စစ်သွေးကြွတိုက်ခိုက်ရန် စီစဉ်လာသည့် ကားကို တားဆီးလိုက်နိုင်ခြင်းမှတဆင့် အသက်ပေါင်းများစွာ သေကျေပျက်စီးရမည့်ဘေးမှ ကာကွယ်ပေးနိုင်ခဲ့သူအဖြစ် တာဝန်ရှိသူများက ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

" ရဲရင့်ပြီး အာဇာနည်စိတ်အပြည့်ရှိတဲ့ ကျွန်တော်တို့ရဲ့ ရဲဝန်ထမ်းက နောက်ထပ်အဖြစ်ဆိုးကြီးတစ်ခု ဖြစ်မလာနိုင်အောင် ကာကွယ်ပေးသွားခဲ့ပါတယ်" ဟု တူရကီဝန်ကြီးချုပ် Binali Yildirim ကပြောသွားသည်။

ယခုဖြစ်စဉ်တွင် ရိုင်ဖယ်သေနတ်နှစ်လက်၊ ဒုံးလက်နက်ခုနစ်လက်နှင့် လက်ပစ်ဗုံးရှစ်လုံးတို့ကိုပါ သိမ်းဆည်းရမိခဲ့ခြင်းကြောင့် တိုက်ခိုက်သူများမှာ တရားရုံးအဆောက်အအုံကို ကြီးကြီးမားမားတိုက်ခိုက်ရန် စီစဉ်လာကြခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly