လာမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ ဝန်ကြီးဟောင်းတစ်ဦးအပါအဝင် ကိုယ်စားလှယ်လောင်း(၅)ဦး မုံရွာတွင် ယှဉ်ပြိုင်မည်

လာမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ ဝန်ကြီးဟောင်းတစ်ဦးအပါအဝင် ကိုယ်စားလှယ်လောင်း(၅)ဦး မုံရွာတွင် ယှဉ်ပြိုင်မည်

မုံရွာ၊ ဇန်နဝါရီ ၅။       ။ ၂၀၁၇ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝန်ကြီးဟောင်းတစ်ဦး အပါအဝင် ကိုယ်စားလှယ်လောင်း (၅)ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မုံရွာခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မုံရွာမြို့၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာသည် လစ်လပ်နေသဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဟောင်း ဦးစိန်မောင်း နှင့် အခြားပါတီများမှ ကိုယ်စားလှယ်လောင်း(၄)ဦး တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

"မုံရွာမဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅ ဦးရှိပါတယ်။ ရပ်ကွက်တွေကအစ ကြေညာထားပြီးပါပြီ" ဟု ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇန်နဝါရီ (၂)ရက်နေ့က ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို တရားဝင်ကြေညာထားခဲ့ပြီး အဆိုပါ ကိုယ်စားလှယ်လောင်း (၅)ဦးတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဟောင်း ဦးစိန်မောင်းသည် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးညွှန့်အောင်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဦးစိန်မောင်း၊ အမျိုးသားတိုးတက်ရေးပါတီမှ ဦးညွှန့်လှိုင်၊ပြည်သူ့ဒီမိုကရေစီပါတီမှ ဒေါက်တာ သန်းထိုက်ဦး၊ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာ ဝင်းမြင့်အောင် တို့ဖြစ်ကြောင်း သိရသည်။

ယခုယှဉ်ပြိုင်မည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် စစ်ကိုင်းတိုင်းအတွင်း၌ မုံရွာမြို့နယ် တစ်နေရာတည်းသာ လစ်လပ်လျှက်ရှိပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ယှဉ်ပြိုင်အနိုင်ရခဲ့သော ဦးသန့်စင်မောင်နေရာမှာ လစ်လပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly