တရုတ်၏ တန်ဘိုးနည်းလေကြောင်းလိုင်း Spring Airlines က ဒေါ်လာ နှစ်ဘီလျံကျော်တန်ဘိုးရှိ အဲဘတ်စ်လေယာဉ် ၂၁ စင်းဝယ်ယူမည်

တရုတ်၏ တန်ဘိုးနည်းလေကြောင်းလိုင်း Spring Airlines က ဒေါ်လာ နှစ်ဘီလျံကျော်တန်ဘိုးရှိ အဲဘတ်စ်လေယာဉ် ၂၁ စင်းဝယ်ယူမည်

ရှန်ဟိုင်း၊ ဇူလိုင် ၂၁ ။     ။ ပြည်တွင်းပြည်ပလေကြောင်းခရီးသွားလာမှု မြင့်မားလာသည့်အတွက် တရုတ်၏ တန်ဘိုးနည်းလေကြောင်းလိုင်း Spring Airlines သည် ယွမ် ၁၂ဒသမ၄၅ဘီလျံ(ဒေါ်လာ ၂ဒသမ၀၄ဘီလျံ) တန်ဘိုးရှိ အဲဘတ်စ် A320 လေယာဉ် ၂၁ စင်းဝယ်ယူရန် စီစဉ်ထားသည်ဟု ယင်းလေကြောင်းလိုင်းက ပြောကြားခဲ့သည်။

ထိုင်ခုံများကြား လူသွားလမ်းတစ်ခုပါ A320 လေယာဉ်၏ လက်လီဈေးမှာ ဒေါ်လာ ၉၇ သန်းရှိသည်ဟု အဲဘတ်စ်က ပြောသည်။

တရုတ်၏ ပြည်တွင်းနိုင်ငံတကာ လေကြောင်းခရီးသွားလာမှုမှာ မှန်မှန်ကြီးထွားနေသည်ဟု Spring က ကြေညာချက်တစ်ခု တွင်ဖော်ပြခဲ့သည်။

ကုမ္ပဏီသည် ၎င်း၏ လေကြောင်းသယ်ယူပို့ဆောင်မှုစွမ်းရည်မြင့်မားလာရန် လေယာဉ်စီးရေကို တိုးချဲ့ရန်ရည်ရွယ်သည်ဟု လည်းဖော်ပြသည်။

တရုတ်၏ ကူးသန်းရောင်းဝယ်ရေးဗဟို ရှန်ဟိုင်းတွင် ရုံးချုပ်ထားရှိသော Spring Airlines ကို ၂၀၀၅ ခုနှစ်က တည်ထောင်ခဲ့ပြီး ယခုအခါ ပြည်တွင်းနိုင်ငံတကာလမ်းကြောင်း ၉၀ ကျော်ရှိသည်ဟု ယင်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်၏ စတော့ဈေးကွက် ကမောက်ကမဖြစ်မှုကြောင့် ဇွန် ၂၆ ကတည်းက ရပ်ဆိုင်းနေခဲ့သော Spring ၏ရှယ်ယာများမှာ ဇူလိုင် ၂၁က ၃ဒသမ၂၁ရာခိုင်နှုန်းတက်လာခဲ့သည်။ ကုမ္ပဏီသည် ယခုနှစ် ပထမသုံးလပတ်တွင် အသားတင်အမြတ်ငွေမှာ လွန်ခဲ့နှစ်အလားတူကာလကထက် ၄၆ဒသမ၄၃ရာခိုင်နှုန်း ခုန်တက်ကာ ယွမ်၂၅၄ဒသမ၃၂သန်းရရှိခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး တရုတ်သည် လေယာဉ်စီးလူလတ်တန်းစားတိုးပွားမှုကြောင့် အာရှ၏ အကြီးမားဆုံးလေယာဉ် ဝယ်ယူသူဖြစ်လာသည်။

တရုတ်နိုင်ငံသည် လာမည့်နှစ် ၂၀အတွင်း ဒေါ်လာ ၇၈၀ဘီလျံတန်ဘိုးရှိ လေယာဉ်သစ် ၆,၀၀၀နီးပါးလိုအပ်လိမ့်မည်ဟု အမေရိကန်လေယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီကြီး ဘိုးအင်းက လွန်ခဲ့သည့်နှစ်က ခန့်မှန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly