အလွန်ရှားပါး ရှေးဟောင်းပစ္စည်းနှင့် ထူးဆန်းအရာများစွာ ပါဝင်မည့် ပြတိုက် ဦးခင်ရွှေ ဖွင့်မည်

အလွန်ရှားပါး ရှေးဟောင်းပစ္စည်းနှင့် ထူးဆန်းအရာများစွာ ပါဝင်မည့် ပြတိုက် ဦးခင်ရွှေ ဖွင့်မည်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၅ရက်၊ ၂၀၁၆ခုနှစ်)။ ။ အလွန်ရှားပါးသည့် ရှေးဟောင်းပစ္စည်း အမျိုးအစားပေါင်း နှစ်သိန်းကျော်ကို ခင်းကျင်းပြသနိုင်ရန်  “ဇေကမ္ဘာ ပြတိုက်” ဟူ၍ အမည်ပေးထားသည့် ပြတိုက်တစ်ခု ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဇေကမ္ဘာ ဦးခင်ရွှေက ပြောဆိုလိုက်သည်။

ငွေကျပ်သန်းပေါင်း တစ်သောင်းခန့် ကုန်ကျမည့် အဆိုပါ ပြတိုက်ကို ရန်ကုန်မြို့၊ မင်္ဂလာဒုံဂေါက်ကွင်းအရှေ့ရှိ မြေပေါ်တွင် စတင်ဆောက်လုပ်လျက်ရှိပြီး အာရှတွင် အကြီးဆုံးပြတိုက်တစ်ခုဖြစ်လာရန် မျှော်မှန်းထားသည်ဟု ဦးခင်ရွှေက ဆိုသည်။

ပြတိုက်တွင် ပြသမည့် ရှေးဟောင်းပစ္စည်းများကို ၎င်းပိုင်ဆိုင်သည့် မြရိပ်ညိုဟိုတယ် စတင်ဖွင့်လှစ်ကတည်းက စုဆောင်းခဲ့သလို အသက် ရ၇နှစ်အရွယ် ဦးလှဝင်းဆိုသူ ၄၅နှစ်ခန့် စုဆောင်းထားသည့် ရှေးဟောင်းပစ္စည်း အမျိုးပေါင်း ၈၀၀၀၊ ပန်းချီကားပေါင်း တစ်ထောင်ကိုလည်း ရရှိထားကြောင်း၊ ဦးခင်ညို ဆိုသူထံမှလည်း အညာဒေသတွင် ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားသည့် ဝေလငါး၊ လိပ်၊ ခရု စသည့် ရှေးဟောင်းပစ္စည်း အမျိုးပေါင်း ၂သိန်းခန့် ရရှိထားသည်ဟု ဦးခင်ရွှေက ပြောသည်။

“ဝေလငါးကြီးတွေ၊ လိပ်ကြီးတွေ၊ ခရုတွေကအစ အညာမှာ အကုန်လုံး အစုလိုက်၊ အပြံုလိုက်သေပြီးတော့မှ ကျောက်ဖြစ်သွားတာတွေ တွေ့တယ်။ အဲ့ဒါဆို အမျိုးပေါင်း ၂သိန်းလောက်နီးပါး အန်ကယ်လ် ရလိုက်တယ်” ဟု  ဦးခင်ရွှေက ပြောဆိုသည်။

ထို့ပြင် “တချို့ တော်တော်များများ ရှေးဟောင်းပစ္စည်းတွေက မြဝတီဘက်ကို ရောက်သွားပြီ။ အဲ့ဒီကနေ အန်ကယ်လ် မဲဆောက်ဘက်ကနေ သွားပြီးတော့ အများကြီး ပြန်ဝယ်ထားတယ်” ဟုလည်း ၎င်းက ဆိုသည်။

၎င်း စုဆောင်းရရှိထားသည့် ပစ္စည်းများအနက် အထူးခြားဆုံးမှာ သက်တမ်း ၄၃သန်းခန့်ရှိသည့် လူသားမျိုးနွယ် အောက်မေးရိုးတစ်ခုနှင့် ၈ပေ၊ ၄လက်မ အရွယ်ရှိသည့် ကျေက်ဖြစ်ရုပ်ကြွင်း လိပ်တစ်ကောင်ဖြစ်ကြောင်း ဦးခင်ရွှေက ဆက်လက် ပြောကြားသည်။

“အန်ကယ့်လ်ဆီမှာရထားတဲ့ ထူးထူးခြားခြားကတော့ လူသားမျိုးနွယ် အောက်မေးရိုးတစ်ခု ရတယ်။ အဲ့ဒါကို နိုင်ငံတကာကနေ စစ်တမ်းလုပ်တဲ့အခါကျတော့ ၄၃သန်းရှိပြီ။ လူသားအစ မြန်မာက ဆိုပြီးတော့ ပြောသွားတယ်။ အဲ့ဒါကိုလည်း သုတေသနစစ်ဆေးပြီးပြီ။ ဒုတိယတန်ဖိုးရှိတာကတော့ လိပ်ကြီးတစ်ကောင်ရတယ်။ ၈ပေနဲ့ ၄လက်မ ရှိတယ်” ဟု ဇန်နဝါရီလ ၅ရက်တွင် ဦးခင်ရွှေက ပြောသည်။

ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေအရ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများကို အစိုးရသာမက နိုင်ငံသား၊ တိုင်းရင်းသားနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများကပါ ထိန်းသိမ်းခွင့်ပြုကြောင်း ပြဌာန်းထားသည်။

ဦးခင်ရွှေ စုဆောင်းထားသည့် ရှေးဟောင်းပစ္စည်းများကို ဝန်ကြီးဌာနက သွားရောက်စစ်ဆေးပြီးဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

“ဒေါက်တာဦးခင်ရွှေကလည်း အင်မတန်ကြီးမားတဲ့ ရှေးဟောင်းအမွေအနှစ်ပြတိုက်ကြီးကို တည်ထောက်ဖို့အတွက်ကို ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ စုဆောင်းနေတာကို ကျွန်တော်တို့ ဝန်ကြီးဌာနကလည်း သွားပြီးတော့မှ စစ်ဆေး၊ မှတ်တမ်းတင်၊ အတည်ပြု ပေးထားပြီးသား ရှိပါတယ်” ဟု သူရဦးအောင်ကိုက ဆိုသည်။

ပြင်သစ်နိုင်ငံက ဒီဇိုင်းရေးဆွဲထားသည့် ပြတိုက်ကို ACE ကုမ္ပဏီက တာဝန်ယူဆောက်လုပ်လျက်ရှိပြီး ကျောင်းသာများကိုမူ ဝင်ကြေး ကောက်ခံမည်မဟုတ်ဘဲ နိုင်ငံခြားသားများကို ဝင်ကြေးကောက်ခံမည်ဟု ဦးခင်ရွှေက ဆိုသည်။ မြန်မာနိုင်ငံသားများကိုမူ ဝင်ကြေးကောက်ခံမည်၊ မကောက်ခံမည်ကိုမူ ဦးခင်ရွှေက ပြောဆိုခြင်း မရှိသေးပေ။

ပြတိုက်တည်ဆောက်ရခြင်းမှာ “အန်ကယ်လ်ကတော့ ကိုယ့်သမိုင်းပေါ့လေ။ အန်ကယ်လ်တို့က တချိန်ကျ သေသွားပြီးရင် ဇေကမ္ဘာဆိုတာကြီး သမိုင်းမှာ ကျန်ခဲ့ချင်တယ်။ ဒါကြောင့် ဇေကမ္ဘာ ပြတိုက်ဆိုပြီး ဒီပြတိုက်ကြီးကို အန်ကယ်လ်ထားခဲ့ချင်တာ” ဟု ဦးခင်ရွှေက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly