ဗင်နီဇွဲလား သမ္မတက ၎င်းအား ဆက်ခံမည့်သူအဖြစ် ဒုသမ္မတတစ်ဦးကို ခန့်အပ်တာဝန်ပေး

ဗင်နီဇွဲလား သမ္မတက ၎င်းအား ဆက်ခံမည့်သူအဖြစ် ဒုသမ္မတတစ်ဦးကို ခန့်အပ်တာဝန်ပေး

ဇန်နဝါရီ ၅ ။                     ။ ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုက ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်တွင် ယခင် လုံခြံုရေးဝန်ကြီးဟောင်းဖြစ်သူအား ဒုသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းအတွက်ကြောင့် ယခုခန့်အပ်ခံလိုက်ရသော ဒုသမ္မတဖြစ်သူမှာ အကယ်၍ ယခုနှစ်အတွင်း အတိုက်အခံဘက်မှ တောင်းဆိုမှုများကြောင့် သမ္မတ မာဒူရို ရာထူးမှ ဆင်းသွားခဲ့ရပါက အဆင်သင့် နိုင်ငံအကြီးအကဲဖြစ်လာမည့်သူဟုလည်း ယူဆရသည်။

ရုပ်သံမှထုတ်လွှင့်သည့် ၀န်ကြီးအဖွဲ့အစည်းအဝေး၌ သမ္မတ မာဒူရိုက ပြောကြားရာတွင် အသက် ၄၂ နှစ်အရွယ် ၀န်ကြီးဟောင်း တာရက် အယ်လ် အစ်ဆမ်မီ အား ဒုသမ္မတအဖြစ် ခန့်အပ်ကြောင်း ပါရှိခဲ့သည်။ တာရက် အယ်လ် အစ်ဆမ်မီမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး မူးယစ်ဂိုဏ်းများကို ထိထိရောက်ရောက် နှိမ်နင်းနိုင်သူအဖြစ် နာမည်ကျော်ကြားခဲ့သူဖြစ်သည်။

လက်တလောတွင် မငြိမ်မသက်ဖြစ်နေသော မြောက်ပိုင်းပြည်နယ် Aragua တွင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သော အယ်လ် အစ်ဆမ်မီ မှာ ဒုတိယလုံခြံုရေးဝန်ကြီး၊ ယခင်က   နိုင်ငံအကြီးအကဲ ဟူဂိုချာဗက်ဇ်လက်ထက်က ပြည်ထဲရေးနှင့် တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

" ကျွန်တော် တာရက်အယ်လ်အစ်ဆမ်မီကို ဒုသမ္မတအဖြစ် ခန့်လိုက်ပါပြီ၊ ဒါကြောင့်မို့ ခုချိန်ကစပြီးတော့ သူ့ရဲ့ ငယ်ရွယ်မှု၊ အတွေ့အကြံု၊ ရဲရင့်မှုတို့နဲ့အတူ တာဝန်ထမ်းဆောင်သွားတာကို ကျွန်တော်တို့ တွေ့ရပါတော့မယ်" ဟု မာဒူရိုက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags