မက္ကဆီကိုတွင် အစိုးရက ဓါတ်ဆီစျေးနှုန်းကို တိုးမြင့် သတ်မှတ်လိုက်သည့် အပေါ် ပြည်သူများ မကျေမနပ်ဖြစ်ကာ ကန့်ကွက်ဆန္ဒပြ၊ ခိုးဆိုးလုယက်မှုများလည်း ပေါ်ပေါက်လာနေ

မက္ကဆီကိုတွင် အစိုးရက ဓါတ်ဆီစျေးနှုန်းကို တိုးမြင့် သတ်မှတ်လိုက်သည့် အပေါ် ပြည်သူများ မကျေမနပ်ဖြစ်ကာ ကန့်ကွက်ဆန္ဒပြ၊ ခိုးဆိုးလုယက်မှုများလည်း ပေါ်ပေါက်လာနေ

ဇန်နဝါရီ ၅ ။                ။ မက္ကဆီကို နိုင်ငံတွင် ဓါတ်ဆီစျေးနှုန်း ယခင်ကထက် ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့ပြီးနောက်ပိုင်း ယင်းကိစ္စအပေါ် ဒေါသထွက်နေသော ဆန္ဒပြမှုများက နိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြမှုများ တိုးမြင့်လုပ်ဆောင်လာနေကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းတွင်မှာပင် နိုင်ငံတစ်ဝန်းရှိ စတိုးဆိုင်များကိုလည်း ၀င်ရောက်လုယက်မှု ဖြစ်စဉ်များလည်း တိုးပွားလာနေလျက်ရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များက လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီး ထိန်းသိမ်းထားခဲ့ရသည်ဟု ဆိုသည်။

စက်သုံးဆီစျေးနှုန်း တိုးမြင့်သွားခြင်းအပေါ် မကျေမနပ်ဖြစ်နေသည့် မက္ကဆီကိုပြည်သူများက အဝေးပြေးလမ်းမကြီးများကို ပိတ်ဆို့ထားခြင်း၊ ၀န်ဆောင်မှုလုပ်ငန်းများကို အနှောက်အယှက်ပေးခြင်း တို့အပြင် ဆန္ဒပြပွဲများကိုလည်း ကျင်းပလာနေကြသည်ဟု သိရသည်။

ယင်းနိုင်ငံတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်က စက်သုံးဆီစျေးကို အစိုးရက ၂၀ ဒသမ ၁ ရာခိုင်နှုန်းထိ တိုးမြင့်သတ်မှတ်လိုက်ပြီးနောက်ပိုင်း ယခုကဲ့သို့ ပြည်သူများက ဒေါသူပုန်ထကာ ကန့်ကွက်နေကြခြင်းလည်း ဖြစ်သည်။

အလားတူ လက်ရှိအချိန်ကာလတွင် လူတစ်ချို့က ပြည်သူပိုင်ပစ္စည်းများကို ဖျက်စီးခြင်း၊ ခိုးဆိုးလုယက်မှုဖြစ်စဉ်များပါ ပေါ်ပေါက်လာနေခဲ့ပြီးနောက်ပိုင်း အာဏာပိုင်များက ထိန်းသိမ်းဖမ်းဆီးမှုများ   ပြုလုပ်ထားခဲ့သည်။

လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်း စျေးဆိုင်များကို ၀င်ရောက်လုယက်ခြင်းအပါအဝင် ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးမှုတို့နှင့်စပ်လျင်း၍ လူပေါင်း ၁၆၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ဓါတ်ဆီစျေးနှုန်း တိုးမြင့်သတ်မှတ်လိုက်ရသည့်အပေါ် သမ္မတ Enrique Pena Nieto က ခုခံပြောဆိုသွားပြီး လက်ရှိ ကမ္ဘာ့ရေနံစျေးနှုန်းမြင့်တက်သွားခြင်းနှင့် လိုက်လျောညီထွေစွာ   စျေးနှုန်းများကိုလိုအပ်သလို သတ်မှတ်ရခြင်းဖြစ်ကြောင်း ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly