အမြတ်ငွေများပိုပြနေသည့် စာရင်းအင်း အရှုပ်တော်ပုံကြောင့် တိုရှီဘာ အမှုဆောင်ချုပ် နှုတ်ထွက်

အမြတ်ငွေများပိုပြနေသည့် စာရင်းအင်း အရှုပ်တော်ပုံကြောင့် တိုရှီဘာ အမှုဆောင်ချုပ် နှုတ်ထွက်

တိုကျို၊ ဇူလိုင်-၂၁ ။     ။ လွန်ခဲ့သည့် ၆နှစ်လုံးလုံးတွင် အကျိုးအမြတ်များကို ချဲ့ကားဖော်ပြခဲ့သည်ဟု ကုမ္ပဏီကပြောကြားခဲ့ ပြီးနောက်တွင် တိုရှီဘာ၏ အမှုဆောင်ချုပ်နှင့် ဥက္ကဌဖြစ်သူ ဟီဆာအို တာနာကာမှာ နှုတ်ထွက်ပေးရတော့မည်ဖြစ်သည်။

တာနာကာ၏ နေရာကို ဥက္ကဌ မာဆာရှီ မူရိုမာချီက ဆက်ခံမည်ဖြစ်ပြီး တာနာကာနှင့်အတူ ဒုတိယဥက္ကဌ နိုရီယို ဆာဆာကီ လည်းရာထူးမှ ဆင်းပေး ရမည်ဖြစ်သည်။

တိုရှီဘာက ခန့်အပ်ခဲ့သည့် သီးခြားလွတ်လပ်သော စစ်ဆေးရေးအဖွဲ့၏ တနင်္လာနေ့က ပြောကြားချက်အရ ကုမ္ပဏီက ၎င်း၏ လုပ်ငန်းလည်ပတ်နေသော အကျိုးအမြတ်ကို စုစုပေါင်း ယန်းငွေ ၁၅၁ဒသမ၈ဘီလျံ (ကန်ဒေါ်လာ ၁ဒသမ၂၂ဘီလျံ)ပိုပြခဲ့သည်ဟု ဆိုသည်။ ပိုပြသည့် အကျိုးအမြတ်ပမာဏမှာ မူလ တိုရှီဘာခန့်မှန်းချက်ထက် သုံးဆမျှ မြင့်မားနေသည်ဟု ဆိုသည်။

 ‘အချိန်ကာလအကြာကြီး စာရင်းအင်းပိုင်းက မှားယွင်းနေခဲ့တာ ရှယ်ယာရှင်တွေအတွက် ကြီးမားတဲ့အခက်အခဲ ဖြစ်စေခဲ့လို့ အလေးအနက်တောင်းပန်ပါတယ်။ အီအတွက် ကျွန်တော်တို့ကုမ္ပဏီရဲ့ ဥက္ကဌ ဟီဆာအို တာနာကာနဲ့ ဒုတိယဥက္ကဌ နိုရီယို ဆာဆာကီတို့ ဒီကနေ့မှာပဲ နှုတ်ထွက်ပါလိမ့်မယ်’’ဟု ကုမ္ပဏီက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

မစ္စတာ တာနာကာ (၆၄နှစ်)နှင့် မစ္စတာဆာဆာကီ (၆၆နှစ်)တို့နှစ်ဦးမှာ ၁၉၇၀အစောပိုင်းကာလများက တိုရှီဘာကုမ္ပဏီသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ မစ္စတာဆာဆာကီမှာ ၂၀၀၉ ဇွန်လမှ ၂၀၁၃ ဇွန်လအတွင်း တိုရှီဘာဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ရာ ထိုကာလအတွင်း ကုမ္ပဏီ၏ အကျိုးအမြတ်မှာ အမှန်တကယ် ရရှိနေသည်ထက်ဖောင်းပွလာ ခဲ့ခြင်းပင်ဖြစ် သည်။  

ယခုနှစ်အစောပိုင်းက ကုမ္ပဏီ၏ အမြတ်ငွေကို စစ်ဆေးရာမှ စစ်ဆေးရေးမှူးများက အမှားအယွင်းများကို တွေ့ရှိသွား၍ တိုရှီဘာ ၏စာရင်းအင်းအရှုပ်တော်ပုံ ပေါ်ပေါက်လာခဲ့သည်။တွေ့ရှိချက်များအရ တိုရှီဘာအနေဖြင့် ၂၀၀၈ခုနှစ်ဧပြီလမှ ၂၀၁၄ခုနှစ်မတ်လ အတွင်း ကာလ၏ အကျိုးအမြတ်များကို ပြန်လည်ဖော်ပြရတော့မည်ဖြစ်သည်။

တိုရှီဘာ၏ စာရင်းကိုင်အရှုပ်တော်ပုံက ဂျပန်နိုင်ငံအတွင်းရှိ ကော်ပိုရေးရှင်းများ၏ လုပ်ငန်းစနစ်များအပေါ် အယုံအကြည်ကင်းမဲ့ သွားစေနိုင်သည်ဟု တာရို အာဆိုက ပြောကြားခဲ့သည်။

ဂျပန်အစိုးရမှာ ယခုအချိန်အထိ ဂျပန်နိုင်ငံတွင် အဆိုးရွားဆုံး ကော်ပိုရေးရှင်းအုပ်ချုပ်မှု အရှုပ်တော်ပုံဖြစ်သည့် ၂၀၁၁ခုနှစ်က အိုလံပက်ကုမ္ပဏီ ကန်ဒေါ်လာ ၁ဒသမ၇ဘီလျံ အရှုံးပေါ်မှုဖြစ်ပွားပြီးနောက်တွင် ပိုမိုကောင်းမွန်သောကော်ပိုရေးရှင်း လုပ်ငန်း စနစ်ဖြင့် ကမ္ဘာနှင့်အဝန်း ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန် ကြိုးစားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly