လမ်းမတော်စည်ပင်နှင့် စျေးသည်တို့ ခိုက်ရန်ဖြစ်၍ အပြန်အလှန် အမှုဖွင့်

လမ်းမတော်စည်ပင်နှင့် စျေးသည်တို့ ခိုက်ရန်ဖြစ်၍ အပြန်အလှန် အမှုဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၄ ။            ။ လမ်းမတော်မြို့နယ်၊ အနော်ရထာ(၈)လမ်းထိပ်တွင် ဇန်နဝါရီ ၃ ရက်တွင်  စည်ပင်ဝန်ထမ်းအချို့နှင့် လမ်းဘေးစျေးသည်တို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အပြန်အလှန် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စျေးမရောင်းရနယ်မြေအတွင်း ဆိုက်ကားပေါ်သို့ သစ်သီးဗန်းတင်စျေးရောင်းချသူအား လမ်းမတော်စည်ပင်မှ ဖမ်းဆီးရာမှ နှစ်ဖက်ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 " စည်ပင်က ဆိုက်ကားကို ဝင်ဆွဲတော့ ကျွန်မတို့က မပေးနိုင်တဲ့အတွက် ရန်ဖြစ်ကြတယ်။ ဝန်ထမ်းတစ်ဦးက ကျွန်မကို ထိခိုက်အောင်လုပ်သလို ကျွန်မအမျိုးသားလည်း နှုတ်ခမ်းကွဲ သွားတယ်။ မှန်မှန်ကန်ကန်ဆောင်ရွက် ပေးစေချင်တယ်။ကျွန်မတို့ အပြစ်ရှိရင် ကျွန်မတို့ ခံမယ်။သူတို့ အပြစ်ရှိရင်လည်း အပြစ်ရှိသလို အရေးယူစေချင် တယ်" ဟု လမ်းဘေးစျေးသည် မဌေးဌေးမြင့်က မဇ္စျိမကို ပြောသည်။

ရန်ကုန်မြို့တွင်းရှိ ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း၊ လမ်းမတော် လေးမြို့နယ်က အဓိက လမ်းမကြီးများ ပေါ် တွင်  အစားအသောက်နှင့် သစ်သီးများ ရောင်းချနေသည့် လမ်းဘေးစျေးသည် ၁၆၀၀ ခန့်ကို နိုဝင်ဘာလ ၂၃ ရက်က စ တင်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကမ်းနားလမ်းမပေါ်သို့   နေရာပြောင်းရွှေ့စျေးရောင်းချစေခဲ့ခြင်း ဖြစ်ပြီး မြို့တွင်းလေးမြို့နယ်အား စျေးမရောင်းရနေရာအဖြစ် သတ်မှတ်ထားသည်။

လမ်းမတော်မြို့နယ်စည်ပင်မှ အုပ်ချုပ်ရေးမှူး ဦးကျော်အေးက ၄င်းက ခိုက်ရန်ဖြစ်ပွားသည့် စျေးသည်များ ထွက်ပြေးသည့်အတွက် လိုက်ဖမ်းရခြင်းဖြစ်ကြောင်း၊ညစျေးတန်း လုပ်ပေးထားပြီး စျေးမရောင်းရ နယ်မြေတွင် နေရာမရွှေ့သူများကို လိုက်လံဖမ်းဆီးရခြင်းဖြစ်ပြီး၊လမ်းညွှန်ချက်နှင့်အညီ စီမံချက်ကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တုံု့ပြန်ပြောဆိုသည်။

စည်ပင်နှင့် စျေးသည် ခိုက်ရန်ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်ပြီး လမ်းမတော် စည်ပင် အငယ်တန်းစာရေး ဦးဇော်ဇော်ဦးကို (ပ)၅/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၅၄ ဖြင့်လည်းကောင်း၊ခိုက်ရန်ဖြစ်ပွားရာတွင် အနှေးယာဉ်ဘက်က ပါဝင်ခဲ့သူ ဦးတုတ်ကြီး အပါအဝင်(၇)ဦးကို (ပ)၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၂/၂၉၄/၁၁၄ တို့ဖြင့် လမ်းမတော် မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း၊ ဒုရဲအုပ် ကျော်လင်းထွန်း ပြောပြချက်အရ သိရသည်။

ရန်ကုန်မြို့ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ မြို့တွင်း လေးမြို့နယ်တွင် လမ်းဘေးစျေးသည် ၆၀၀၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly