တရုတ်၏ အယုံကြည်လွန်၍ အဓမ္မဆန်သော အပြုအမူများကို ဂျပန်သတိပေး

တရုတ်၏ အယုံကြည်လွန်၍ အဓမ္မဆန်သော အပြုအမူများကို ဂျပန်သတိပေး

တိုကျို၊ ဇူလိုင် ၂၁ ။     ။ အရှေ့တရုတ်ပင်လယ်တွင် တရုတ်၏ အယုံကြည်လွန်ပြီး အဓမ္မဆန်သော အပြုအမူများသည် ဂျပန်၏ လုံခြုံရေးအတွက် ကြီးမားသောခြိမ်းခြောက်မှုများတွင် ပါဝင်နေသည်ဟု ဂျပန်က ပြောကြားလိုက်သည်။ ဂျပန်၏ စစ်ရေးကဏ္ဍကို ချဲ့ထွင်ရန် ရည်ရွယ်သော အငြင်းပွားဖွယ် ဆောင်ရွက်ချက်များစွာကို ဂျပန်ဝန်ကြီးချုပ်က လုပ်ဆောင်နေစဉ် ယင်းသို့သတိပေး လိုက်ခြင်းဖြစ်သည်။

ဇူလိုင် ၂၁က ထုတ်ပြန်ခဲ့သော နှစ်စဉ်ကာကွယ်ရေးသုံးသပ်ချက်တွင် တရုတ်က အရှေ့တရုတ်ပင်လယ်တွင် ရေနံနှင့် သဘာ၀ ဓါတ်ငွေ့သိုက်များရှာဖွေမှုနှင့် ဂျပန်ကထိန်းချုပ်ထားသော ကျွန်းများအနီး တရုတ်ကစစ်ရေးတည်ရှိမှုမြင့်တင်နေမှုအပေါ် ဂျပန်ကာ ကွယ်ရေးဝန်ကြီးဋ္ဌာနက တရုတ်ကို ပြင်းထန်စွာဝေဖန်ခဲ့သည်။

အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အပြုအမူများကိုလည်း သုံးသပ်ချက်အစီအရင်ခံစာက ရှုတ်ချ ခဲ့ပြီး တရုတ်သည် တောင်တရုတ်ပင်လယ်တွင် လူလုပ်ကျွန်းအချို့ကိုလည်း စတင်ပြုလုပ်နေခဲ့သည်။ ယင်းလုပ်ရပ်က တရုတ်နှင့် ၎င်း၏အရှေ့အာရှအိမ်နီးချင်းနိုင်ငံအချို့ကြား တင်းမာမှုများမြင့်တက်စေခဲ့သည်။

တရုတ်သည် အထူးသဖြင့် ပဋိပက္ခဖြစ်နေသော ပင်လယ်ပိုင်းပြသနာများနှင့် ပတ်သက်၍ ရှိရင်းစွဲအခြေအနေကို ပြောင်းလဲရန် အဓမ္မလုပ်ဆောင်ချက်များအပါအဝင် အယုံကြည်လွန်သောပုံစံဖြင့် ဆက်လက်လုပ်ဆောင်နေသည်ဟု အစီအရင်ခံစာကဖော်ပြ သည်။

ထို့အပြင် မြောက်ကိုရီးယား၏ နျူကလီးယားဒုံးကျည်အစီအစဉ်ကလည်း  ဂျပန်၏လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

ဂျပန်အောက်လွှတ်တော်သည် ဒုတိယကမ္ဘာစစ်အပြီး ငြိမ်းချမ်းသောအခြေခံဥပဒေက ပြဋ္ဌာန်းခဲ့သော ဂျပန်၏ကာကွယ်ရေး တပ်ဖွဲ့ များအပေါ် ထိန်းချုပ်မှုများကို လျှော့ပေးမည့် ဥပဒေကို အတည်ပြုလိုက်ပြီဖြစ်သည်။

ဥပဒေအတည်ပြုချက်အရ ဂျပန်စစ်တပ်သည် တိုက်ခိုက်ခံနေရသော မိတ်ဆွေနိုင်ငံများကို ကာကွယ်နိုင်တော့မည်ဖြစ်သည်။

"ကျွန်တော် အကြိမ်ကြိမ်ပြောထားပြီးပါပြီ။ ဘယ်ပဋိပက္ခမဆို နိုင်ငံတကာဥပဒေကို အခြေခံပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသင့်တယ်။ အင်အားသုံးပြီး ခြိမ်းခြောက်မှုသုံးပြီး မဖြေရှင်းသင့်ဘူး"ဟု အာဘေးက ပြောကြားခဲ့သည်။

ဥပဒေကြမ်းများမှာ ယခုအခါ အထက်လွှတ်တော်သို့ ရောက်ရှိပြီး ရက်ပေါင်း ၆၀ အတွင်း မဲပေးဆုံးဖြတ်ရမည်ဖြစ်သည်။

အထက်လွှတ်တော်က ဥပဒေကို ပယ်ချနိုင်သော်လည်း လိုအပ်ပါက အထက်လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ကျော်လွှားရန် ပိုမိုအာဏာရှိသော အောက်လွှတ်တော်တွင် အာဘေးတွင် လုံလောက်သော မဟာမိတ်များရှိသည်။

နှစ် ၇၀ ကြာမြင့်နေပြီဖြစ်သော ငြိမ်းချမ်းသောအခြေခံဥပဒေမှ ကြီးမားစွာပြောင်းလဲမှုများကို အတိုက်အခံဥပဒေပြုအမတ်များနှင့် သာမာန်ပြည်သူအများအပြားက ဆန့်ကျင်လျက်ရှိသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကလည်း ဂျပန်၏ဥပဒေပြောင်းလဲမှုကို ရှုတ်ချလျက်ရှိပြီး ဂျပန်သည် သီးသန့်ကာကွယ်ရေးကိုရှေးရှုသည့် ပေါ်လစီများအတိုင်း ဆက်သွားမသွား မှာမေးခွန်းထုတ်စရာဖြစ် လာသည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly