ဘီအိုင်အေ ဘီဒီအေခေတ်မှသည် လွတ်လပ်ရေးနေ့ဆီသို့

ဘီအိုင်အေ ဘီဒီအေခေတ်မှသည် လွတ်လပ်ရေးနေ့ဆီသို့

ဘီအိုင်အေခေတ်မှသည် လွတ်လပ်ရေးမော်ကွန်းဝင်သည်အထိ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ် အလံတင်ခဲ့တဲ့ အလံကိုင်တပ်ဖွဲ့မှာ ပါ၀င်ခဲ့သူတစ်ယောက်၊ သူ့အကြောင်းနဲ့ပတ်သက်ပြီး သူ့သားဖြစ်သူက သူပြောပြခဲ့တဲ့ လွတ်လပ်ရေးအနှစ်အရသာ၊ တပ်မတော်တွင်းက အမှတ်တရများ၊ ဗို်လ်ချုပ်အောင်ဆန်းနှင့်တွေ့ဆုံပုံ အစုံစုံတွေကို ပြောပြခဲ့တာကို မဇ္ဈိမကနေ တင်ဆက်လိုက်ပါတယ်။

မေး။ ။ ပထမဆုံး မော်ကွန်းဝင်ပထမအဆင့် ဗိုလ်ကြီးကျော်ဆန်းရဲ့ အကြောင်းကို အရင်ပြောပြပေးပါ။

ဖြေ။ ။ အဖေက ဟင်္သာတတိုက်နယ် သင်္ကန်းနီရွှေတောင်ကျေးရွာဇာတိ၊ ဟင်္သာတမှာပဲ ကျောင်းတက်တယ်။ ဘီအိုင်အေခေတ်မှာ စစ်သားစုဆောင်းတော့ သခင်တွေက လာပြီးတော့ ဟောပြောပွဲလုပ်တယ်။ သူက ကျောင်းကပြန်လာတယ်။ ဟောပြောပွဲလုပ်တဲ့အချိန်ကျတော့ သူက သွားနားထောင်မိတယ်။ နယ်ချဲ့တွေက အုပ်ချုပ်နေတယ်၊ ဗမာလွတ်လပ်ရေးအတွက် နယ်ချဲ့တွေကို တိုက်ထုတ်ပစ်ရမယ်။ မျိုးချစ်စိတ်ရှိမှ တပ်ထဲဝင်၊ မျိုးချစ်စိတ် မရှိရင်မဝင်နဲ့ လို့ သခင်တွေက ဟောပြောတယ်။ သူက ဆက်နားထောင်တယ်၊ အဲ့ဟောပြောပွဲပြီးတော့ အိမ်ပြန်ရမှာ ရှက်သွားတယ်။ အဲ့ဒါနဲ့ ဘီအိုင်အေနဲ့လိုက်သွားတယ်။

မေး။ ။ ဗိုလ်ကြီးကျော်ဆန်းရဲ့တပ်မတော်အတွင်း ဖြတ်သန်းပုံကို ပြောပြပေးပါဦး။

ဖြေ။ ။ ပထမဆုံး ဗိုလ်ဘသိန်းတပ်မှာ ပထမဆုံးတာဝန်စထမ်းဆောင်တယ်။ စစ်သင်တန်းပေးတယ်။ ဟင်္သာတကနေ ပြည်ကို ချီတက်ရတယ်။ ပြီးတော့ ဗိုလ်ဘသိန်းတပ်ကနေ ဗိုလ်ရဲထွဋ်တပ်ကို ပြောင်းရတယ်။ ဗိုလ်ရဲထွဋ်တပ်မှာ သူသွားရတာက မြိုင်တို့၊ ပေါက်တို့ ၊ သံပုရာချောင်တို့မှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်တာ။ တိုက်ပွဲတွေမှာ ကျကုန်တာ အများကြီးပဲ။ သူ့ဘေးနားမှာ ကျသွားတာအများကြီးပဲလို့ အဖေက ပြောပြတယ်။ အဲ့ဒီတိုက်ပွဲတွေပြီးတော့ ကသာဗန်းမော်ကို ဆက်တက်ရတယ်၊ အဲ့လိုလိုက်တိုက်ပြီးတော့ မန္တလေးကို ပြန်ဆုတ်တယ်၊ အဲ့မှာ ဘီအိုင်အေ(BIA)ကို ဖျက်သိမ်းလိုက်တယ်တဲ့။ ဘီဒီအေ(BDA) ဖွဲ့တာပေါ့။ ဘီဒီအေကြတော့ သူကမော်လမြိုင်ဘက်မှာ တာဝန်ထမ်းဆောင်တယ်၊ ပြီးတော့ ပီဘီအက်ဖ်(PBF)ကြတော့ မင်းတုန်းနယ်မှာ လက်ရွေးစင် စစ်သားတွေကို စစ်ပညာတွေသင်ပေးရတယ်၊ တိုက်ရည်ခိုက်ရည်တွေသင်ပေးရတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆီကို စာတွေဘာတွေသွားပို့ရတယ်။ သူပြောပြတာတွေကတော့ အများကြီးပေါ့ဗျာ၊ ဘီအိုင်အေ ၊ ဘီဒီအေ၊ ပီဘီအက်ဖ် သုံးခုလုံးပါတဲ့သူတွေက လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်ရတယ်။ ခေတ်သုံးခေတ်လုံးပါမှ မော်ကွန်းဝင် ပထမအဆင့်ရတာ။ ခေတ်နှစ်ခေတ်ပဲဆို ဒုတိယအဆင့်၊ တတိယအဆင့်ပဲရတာ။ ကန္ဒီစာချုပ်အရ တပ်တွေ ဖွဲ့စည်းတော့လည်း အဖေက ဆက်ပါတယ်။ သနက(၄)မှာ ကိုယ်ပိုင်အမှတ်က ၈၉၃၁၉ ၊ ရဲဘော်ဘဝနဲ့စဝင်တာပေါ့နော်။ တပ်ရင်းမှူးက ဗိုလ်မှူးကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး နေဝင်းပေါ့နော်။

မေး။ ။ ဗိုလ်ကြီးကျော်ဆန်းအနေနဲ့ လွတ်လပ်ရေးအလံတင်အခမ်းအနားမှာ ပါခဲ့တယ်လို့ကြားတော့ ဘယ်လိုအခန်းကဏ္ဍကနေ ပါ၀င်ခဲ့တာလဲ။

ဖြေ။ ။ ကျွန်တော်ထင်တယ်၊ အဲ့တုန်းက အဖေက လွတ်လပ်ရေးရတဲ့အချိန်မှာ တပ်ကြပ်အဆင့်လောက်ပဲ ရှိဦးမယ်။ ကျွန်တော်အဖေက သိပ်မပြောဘူး။ သူ့ သူငယ်ချင်းတွေက ပြောတာ ကျွန်တော်ကြားဖူးတယ်။ မင်းအဖေက လွတ်လပ်ရေးအလံတင်တဲ့အခမ်းအနားမှာလည်း မင်းအဖေက ပါခဲ့တာတဲ့၊ ရှားရှားပါးပါးပဲ။ သူ့ရဲဘော်ရဲဘက်ဟောင်းတွေက ကိုယ့်ကိုပြောတာပဲ ကြားဖူးတာပေါ့။

 မေး။ ။ လွတ်လပ်ရေးနဲ့ပတ်သက်ပြီးတော့ ဗိုလ်ကြီးကျော်ဆန်းပြောခဲ့ဖူးတဲ့အထဲက မှတ်မိတာတစ်ခု၊ သို့မဟုတ် အတုယူစရာရှိရင် ပြန်ပြောပေးပါဦး။

ဖြေ။ ။ လွတ်လပ်ရေးရဖို့အတွက်ကို ပြည်သူလူထုတွေ တိုင်းရင်းသားညီအစ်ကိုတွေ အရိုးတွေ တောင်လိုပုံအောင် သွေးနဲ့ချွေးနဲ့ပေးဆပ်လာတာ၊ ငါ့သား မှတ်ထားတဲ့။ သူရဲကောင်းဆိတ်သုဉ်းရင် အဲ့တိုင်းပြည် ကျွန်အောက်ကျပြီတဲ့။ လွတ်လပ်ရေးတည်မြဲဖို့ တိုင်းပြည်မှာ သူရဲကောင်း မဆိတ်သုဉ်းဖို့က အဓိကပဲတဲ့ ။ တိုင်းပြည်အပေါ် မျိုးချစ်စိတ်ရှိဖို့ အဓိကပြောသွားတာပဲ။

 

မေး။ ။ ဗိုလ်ကြီးကျော်ဆန်းဟာ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှာ ထူးထူးခြားခြားဖြစ်စဉ်တွေရှိရင် ပြောပေးပါဦး။

 ဖြေ။  ။ မင်းတုန်းတိုက်နယ်ကနေ သရက်တိုက်နယ်အထိ ဗိုလ်ချုပ်အောင်ဆန်းကို အမြန်စာသွားပို့ရတယ်။ အရေးပေါ်စာ ချောစာပေါ့နော်၊ အဲ့မှာ မြင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းဆီ ရောက်အောင်သွားတယ်။ တစ်ညလုံး စီးရတာ။ သရက်လည်းရောက်ရော မြင်းက အမောဆို့ပြီး သေပြီ။ အဲ့စာချွန်လွှာကို မှတ်မှတ်ရရပေ့ါနော်။ ဗိုလ်ချုပ်အောင်ဆန်း လက်ထဲထည့်ခဲ့တယ်။ အထူးအရေးပေါ်စာပေါ့။

မေး။   ။ ဗိုလ်ကြီးကျော်ဆန်းအနေနဲ့ တပ်မတော်မှာ နောက်ဆုံးဘယ်အချိန်ထိ တာဝန်ထမ်းဆောင်ခဲ့လဲ။

ဖြေ။ ။ ၁၉၈၄ ၊ ဒီဇင်ဘာ ၃၁ ရက် အထိ သနက(၃) မှာ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တယ်။ အဲ့ဒါပြီးတော့ ပါတီကောင်စီက လှမ်းခေါ်လို့ တရားရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့သေးတယ်။ တရားသူကြီးလုပ်တာက အရေးအခင်းဖြစ်တဲ့အထိပဲ။ အဲ့မှာ ရပ်လိုက်တာပေါ့။

မေး။ ။ ဗိုလ်ကြီးကျော်ဆန်းရဲ့သားသမီးတွေထဲမှာရော တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်နေတာ ရှိသေးလား။

ဖြေ။ ။ ကျွန်တော်တို့ မောင်နှစ်မ ခြောက်ယောက်ရှိတယ်။ ကျွန်တော်အစ်မအကြီးဆုံးကို အဖေက တပ်ထဲ သွင်းလိုက်တယ်။ စစ်သူနာပြုသင်တန်းပေ့ါ၊ အရာခံဗိုလ် စဖြစ်တယ်။ အဲ့ကနေပြီးတော့ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့တယ်။ နောက် အစ်မတွေအားလုံးက စစ်တပ်က အရာခံဗိုလ်တွေရဲ့ ဇနီးတွေချည်းပဲ။ ကျွန်တော်ညီအငယ်ဆုံးလည်း ရှမ်းပြည်၊ လွိုင်လင်မှာ ကျသွားပြီး မရှိတော့ဘူး။ ကျွန်တော်တစ်ယောက်ပဲရှိတော့တယ်။ ကျွန်တော်ကတော့ တပ်မတော်ထဲ မဝင်ဘူး။

မေး။ ။ ဗိုလ်ကြီးကျော်ဆန်းဟာ လွတ်လပ်ရေးနေ့မှာ အလံတင်အခမ်းအနားမှာ ပါ၀င်ခဲ့တဲ့လူဆိုတော့ ဒီလိုလွတ်လပ်ရေးနေ့ရောက်ရင် ထူးထူးခြားခြား သတိရမိတာရောရှိလား။

ဖြေ။ ။ လွတ်လပ်ရေးနေ့ အခါသမယတွေမှာ သူ့ ရဲဘော်ရဲဘက်တွေနဲ့ သွားတဲ့အခါကျတော့ ကျွန်တော့်ကိုအမြဲခေါ်ပါတယ်။ အဖေဆုံးသွားတော့ ရင်ထဲမှာ ခံစားရတာပေါ့ဗျာ။ တိုင်းပြည်နဲ့လူမျိုးအတွက် ဒီလောက်တောင် လုပ်ခဲ့ပြီးတော့ အခုတော့ အညတရစစ်သည်ဘဝနဲ့ပဲ တိုင်းပြည်အတွက် ပေးဆပ်သွားပါပြီ။ ကျွန်တော်တို့ကတော့ ဂုဏ်ယူရတာပေါ့နော်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly