ကြွက်နားရွက်မှို စိုက်ပျိုးရေး

03 January 2017
ကြွက်နားရွက်မှို စိုက်ပျိုးရေး

မှိုလို့ ဆိုလိုက်တာနဲ့ သစ်တောတွေ ချံုပုတ်တွေ သစ်ငုတ်တိုတွေမှာ ပွင့်နေတဲ့ မှိုတွေကို မြင်ယောင်မိကြမှာပါ။ မြန်မာနိုင်ငံမှာတော့ သဘာဝအလျှောက် ပေါက်နေတဲ့ မှိုတွေကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးလာခဲ့တာဟာ နှစ်ပေါင်းများစွာပဲ ကြာပီဖြစ်ပါတယ်။ မှိုကို ရှေ့ဦးစွာ စားသုံးတဲ့သူတွေကတော့ ရောမလူမျိုးနဲ့ တရုတ်လူမျိုးတွေပဲ ဖြစ်ပါတယ်။ ရောမနဲ့ ဂရိနိုင်ငံတွေမှာတော့ ဘုရားသခင်ပေးတဲ့ အစားအစာအဖြစ် အထဋ်အမြတ်ထားပြီး စားသုံးခဲ့ကြတာပါ။ ၁၉ ရာစုနှစ်မှာတော့ ခေတ်မှီနည်းစနစ်များနဲ့ မှိုစိုက်ပျိုးခြင်းဟာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့ခဲ့ပါတယ်။ ၂၀ ရာစုနှစ်မှာတော့ မှိုအမျိုးမျိုးကို စက်ရုံပုံစံဖြင့် စိုက်ပျိုးထုတ်လုပ်လာခဲ့ကြပါတယ်။ ခေတ်မှီနည်းစနစ်များနဲ့ မှိုအမျိုးမျိုးကို လတ်လတ်ဆတ်ဆတ် အရည်အသွေးမပြတ် ပြုပြင်စီမံပြီး တင်ပို့ရောင်းချလာခဲ့ကြပါတယ်။ ဥရောပ အမေရိကနဲ့ အာရှမှာဆိုရင်တော့ တရုတ်၊ ဂျပန်၊ ထိုင်ဝမ် တောင်ကိုရီးယား၊ ထိုင်း၊ ဖီလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတို့မှာ ခေတ်မှီစက်တွေ သုံးပြီးတော့ ပြည်ပပို့ကုန်အဖြစ် စိုက်ပျိုးထုတ်လုပ်လျက် ရှိကြပါတယ်။ မှိုကို အရသာရှိ စားသောက်ကုန်နဲ့ ဆေးဘက်ဝင် အစားအသောက်အဖြစ် စားသောက်တဲ့သူများမှာတော့ တရုတ်နဲ့ ဂျပန်က ရှေ့ဆုံးက ပါဝင်ပါတယ်။ လူအများ ခံစားနေရတဲ့ သွေးတိုးရောဂါ နှလုံးရောဂါ ကင်ဆာရောဂါများကို ကာကွယ်ရန်အတွက် မှိုကို အလေးပေး စားသုံးလျက် ရှိကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ၁၉၃၂ ခုနှစ်မှာ စတင်ပြီးတော့ မှိုကို စနစ်တကျ မှိုစိုက်ပျိုးရေးကို စခဲ့တာပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ စိုက်ပျိုးရေးပညာရှင်နှစ်ဦးက လာရောက်ပြီးတော့ စိုက်ပျိုးရေးနည်းစနစ်များကို   ပြသခဲ့တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးမှာတော့ ကောက်ရိုးမှိုစိုက်ပျိုးရေးက ပျံ့နှံ့ပြီးတော့ ၁၉၇၉ ခုနှစ်မှာတော့ ပိုမိုကောင်းမွန်တဲ့ နည်းစနစ်တွေနဲ့ စီးပွားဖြစ် စိုက်ပျိုးတဲ့အထိ တိုးတက်လာခဲ့ပါတယ်။ ၁၉၈၀ နောက်ပိုင်းမှာတော့ ကောက်ရိုးမှိုတစ်မျိုးတည်း မဟုတဘဲ ငွေနှင်းမှို ငွေမိုးမှို ကြွက်နာရွက်မှို အထပ်တစ်ရာမှို စတဲ့ မှိုတွေကို စိုက်ပျိုးခဲ့ပါတယ်။ အခုအခါမှာဆိုရင်တော့ စက်ရုံထုတ်လုပ်မှုပုံစံနဲ့ ထုတ်လုပ်တဲ့အဆင့်ကို ရောက်ရှိပြီပဲ ဖြစ်ပါတယ်။ မှိုစိုက်ပျိုးရေးပညာ တိုးတက်လာတာနဲ့အမျှ စိတ်ပါဝင်စားတဲ့သူကလည်း များပြားလာပါတယ်။ အခုအခါမှာဆိုရင်တော့ မှိုစိုက်ပျိုးရေးပညာကို အဓိက စီးပွားရေးလုပ်ငန်း တစ်ရပ်အဖြစ် လုပ်ကိုင်လာကြပြီပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ငွေမိုးမှိုနဲ့ ကြွက်နာရွက်မှိုတွေကို အများဆုံး စိုက်ပျိုးကြပါတယ်။ ဒီတစ်ပတ်မှာတော့ ကြွက်နာရွက်မှို စိုက်ပျိုးရေးအကြောင်းကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

ကြွက်နာရွက်မှို စိုက်ပျိုးတော့မယ်ဆိုရင် အဓိကလိုအပ်တဲ့ ကုန်ကြမ်းကတော့ သစ်ပွလွှစာပဲ ဖြစ်ပါတယ်။ သစ်ပွလွှစာထဲမှာဆိုရင် ရာဘာလွှစာက အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ဖြစ်ပါတယ်။ အဓိကကုန်ကြမ်းဖြစ်တဲ့ ရာဘာလွှစာနဲ့ ဖြည့်စွက်စာတွေကို ရောနှောပေးရမှာဖြစ်ပါတယ်။ အဲဒီဖြည့်စွက်စာတွေကတော့ ဖွဲနု၊ ဂျံုဖွဲ၊ ပြောင်းဖွဲ၊ ထုံး၊ ဂလူးကို့စ်၊ ဆားခါးနဲ့ ရေကို သမအောင် ရောနှောပေးရမှာ ဖြစ်ပါတယ်။ အဲဒါတွေဟာဆိုလို့ရှိရင် ကြွက်နာရွက်မှို စိုက်ပျိုးဖို့အတွက် စိုက်ပျိုးထုတ်လုပ်ရာမှာ အသုံပြုရမယ့် ကုန်ကြမ်းတွေပဲ ဖြစ်ပါတယ်။ နောက်ထပ် ဘာတွေလိုအပ်သေးလဲဆိုရင် ပလက်စတစ်အိတ်ပါမယ်၊ သတင်းစာစက္ကူ၊ ပြီးရင် သရေပင်း၊ ကော်လံခေါင်း ဒါတွေ ပြည့်စုံစွာ ရှိလို့ရှိရင် ပြည့်စုံပါပြီ။

ပေါင်းခံပြီးသား စိုက်ထုတ်တွေဆိုရင် ၁၂ နာရီကြာ အအေးခံပေးရပါတယ်။ အဲလိုမျိုး ၁၂ နာရီကြာ အအေးခံထားပြီးသား စိုက်ထုတ်တွေဆိုရင် မှိုမျိုးစေ့ စတင်ပြီးတော့ ထည့်လို့ရပါပြီ။ မှိုမျိုးစေ့ထည့်တဲ့အခါမှာ အပြင်ကလာတဲ့ လေးတွေ အထဲကိုမဝင်အောင်လညး် ဂရုစိုက်ရပါတယ်။

မှိုမျိုးစေ့ စိုက်ပြီးသား စိုက်ထုတ်တွေကို မှိုရင့်ကျက်ခန်း ရက် ၂၀ ကနေပြီးတော့ ၂၅ ရက်အထိ ထားပေးရပါတယ်။

မှိုရင့်ကျက်အခန်းအထဲမှာ စိုက်ထုတ်တွေကို ထားမယ်ဆိုရင်တော့ လေဝင်လေထွက် အနည်းငယ် လိုအပ်ပါတယ်။ အပူချိန်ကတော့ ၃၀ ဒီဂရီ စင်တီဂရိတ် လိုအပ်တယ်။ ပြီးတော့ အလင်းရောင် လုံးဝ မလိုအပ်ပါဘုး။ ဒီအထဲမှာဆိုရင် ပိုးမွှားတွေ မကျရောက်ဖို့အတွက် အထူးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ကြွက်နာရွက်မှိုလို့ ဆိုလိုက်တာနဲ့ ကြာဇံချက် ၁၂ မျိုးဟင်းချိုတွေမှာပါတဲ့ မှိုတစ်မျိုးကိုတော့ သတိပြုမိမှာပါ။ တကယ်တော့ ကြွက်နာရွက်မှိုဟာ ဟင်းခက်အပြင် အစိမ်းသုတ်လို့လည်း စားနိုင်ပါတယ်။ ကြွက်နာရွက်မှိုကို သုတ်စားမယ်ဆိုရင်တော့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆီချက်၊ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ ငံပြာရည်၊ ငရုတ်သီး၊ ကြက်သွန်၊ ရှောက်ရွက်၊ သံပုရာသီးတို့ပဲ ဖြစ်ပါတယ်။ ပထမဦးစွာ ကြွက်နာရွက်မှိုကို ရေစင်စင်ဆေးပြီး အောက်ခြေကို ဖြတ်ပေးရမှာပါ။ အဲဒီနောက်မှာတော့ ပွတ်ပွတ်ဆူနွေတဲ့ ရေနွေးအိုးထဲ သုံးမိနစ်ခန့် စိမ်ထားပေးရမှာပါ။ ပြီးရင်တော့ ကြွက်နာရွက်မှိုကို ကက်ကြေးနဲ့ ပါးပါး ညှပ်ပြီးရင်တော့ အရသာရှိတဲ့ မှိုသုတ်အဖြစ် စားနိုင်ပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly