လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်းပမည်

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၃ ။            ။ ဇန်နဝါရီ ၄ရက်မှာ ကျရောက်တော့မည့် (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့တွင်း နေရာတော်တော်များများတွင်   ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ရန် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်သည်။

“ကျွန်တော်တို့ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပွဲ၊ နောက်ပြီးတော့ ထုပ်ဆီးတိုးပွဲ၊ နောက်ပြီး စကောရွက်ပြီးပြေးပွဲ၊ ဖယောင်းတိုင်ထွန်းပြီးတော့ ပြေးတဲ့ပွဲ၊ ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲ စပြီး တော်တော် စုံစုံလင်လင် ကျင်းပပါတယ်ခင်ဗျ” ဟု ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၈လမ်းက ပွဲစီစဉ်သူ ကိုကျော်စိုးသူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ ၅၁လမ်းအတွင်း ပျော်ပွဲရွှင်ပွဲ ကျင်းပရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် ဒေါ်အေးမူကလည်း “အန်တီတို့က ကလေးတွေကို အာလူးကောက်တို့၊ မီတာ တစ်ရာ၊နှစ်ရာ တို့၊ ပြီးတော့ မုန့်စားပြိုင်ပွဲတို့၊ ပူစီပေါင်းဖောက်ပွဲတို့၊ ဆာလာအိတ်စွပ်ပြေးပွဲ စတာတွေပေါ့။ လူကြီးတွေအပိုင်းကလည်း ဘောပွဲရှိတယ်။ ယောကျာ်းလေးတွေ အတွက်ပေါ့။ မိန်းကလေးတွေ အတွက်ကျတော့ စကောရွက်တို့ အဲ့လိုမျိုး ပွဲလေးတွေ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်” ဟု အစီအစဉ်ကို ရှင်းပြသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ လေးရက်နေ့တွင် ကျရောက်မည့် (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အရင်နှစ်များ နှင့် မတူဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့်လည်း ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ထူးထူးခြားခြား ကျင်းပရန် ပြင်ဆင်နေပြီဖြစ်သည်။

ထူးခြားမှုအနေဖြင့် ယခု ၂၀၁၇ခုနှစ်၊ ဇန်နဝါရီ ၄ရက်တွင် ကျရောက်မည့် (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့တွင်
အင်္ဂလိပ်တော်လှန်ရေး၊ ဂျပန်တော်လှန်ရေး ကာလတွင်းက အသုံးပြုခဲ့သည့် တော်လှန်ရေးအလံများကို မဟာဗန္ဓုလပန်းခြံရှေ့ အကာအရံခြံစည်းရိုးတွင် စိုက်ထူထားတာကိုလည်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly