မြောက်ကိုရီးယား၏ နျူကလီးယားဒုံးကျည်က အမေရိကန်သို့ ပစ်နိုင်လိမ့်မည်မဟုတ်ဟု ထရမ့်ပြော

မြောက်ကိုရီးယား၏ နျူကလီးယားဒုံးကျည်က အမေရိကန်သို့ ပစ်နိုင်လိမ့်မည်မဟုတ်ဟု ထရမ့်ပြော

နယူးယောက်၊ ဇန်နဝါရီ ၃  ။                ။ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဒုံးကျည် အမေရိကန်သို့ ရောက်ရှိနိုင်လိမ့်မည်မဟုတ်ကြောင်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂ ရက် ညနေပိုင်း၌ ကတိခံကာ တွစ်တာတွင် ရေးသားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က ၎င်း၏ နိုင်ငံအနေဖြင့် တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်နိုင်စွမ်းတွင် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကြေညာလိုက်ခြင်းအားဖြင့် ထရမ့်အပေါ် ဖိစီးမှုပေးခဲ့ပြီး နောက်တစ်ရက်၌ ထရမ့်က ယခုကဲ့သို့ ရေးသားခြင်းဖြစ်သည်။

“မြောက်ကိုရီးယားက နျူကလီးယားတီထွင်မှုမှာ အမေရိကန်ဆီ ပစ်လွှတ်စွမ်းရှိတဲ့ နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ဖော်ပြတယ်။ ဒါပေမယ့် ဒါက ဘယ်တော့မှ ဖြစ်လာလိမ့်မှာ မဟုတ်ဘူး။”ဟု ထရမ့်က ရေးသားသည်။

မြောက်ကိုရီးယားအား နျူကလီးယားလက်နက်နိုင်ငံအဖြစ် ဘယ်တော့မှ လက်ခံလိမ့်မည်မဟုတ်ကြောင်း အမေရိကန်က အကြိမ်ကြိမ် စိတ်ပိုင်းဖြတ် ပြောဆိုထားသော်လည်း ထရမ့်သည် အထီးကျန်မြောက်ကိုရီးယားနိုင်ငံနှင့် ပတ်သက်သည့် ၎င်း၏ ပေါ်လစီကို ယခင်က တိတိပပ ပြောဆိုခဲ့ခြင်း မရှိဘူးပေ။

ဒေါ်နယ်ထရမ့်အနေဖြင့် တွစ်တာပေါ်တွင် ရေးသားမှုများက အစဉ်အလာကို ထိုးဖောက်သည့် ရေးသားပြောဆိုမှုများဖြစ်နေရာ ဝေဖန်မှုအသံများ ညံလေ့ရှိသည်။

ပြီးခဲ့သည့်လအတွင်းကလည်း အမေရိကန်အနေဖြင့် နျူကလီးယားစွမ်းရည်ကို ပိုမိုခိုင်မာချဲ့ထွင်ရမည်ဖြစ်ကြောင်း ရေးသားလိုက်ခြင်းကြောင့် စစ်အေးကာလ လက်နက်အပြိုင်အဆိုင် တပ်ဆင်မှုကို တစ်ဦးတည်း စတင်လိုက်သလို ရှိသွားခဲ့သည်။

တရုတ်နှင့် ပတ်သက်ပြီးလည်း စစ်ရေးတိုးချဲ့နေသည်၊ ငွေကြေးကစားမှု လုပ်ဆောင်နေ စွပ်စွဲရေးသားမှုဖြင့် ဒေါသထွက်စေခဲ့သူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly