မုံရွာသတင်းထောက် အသတ်ခံရမှု သံသယရှိသူ နောက်တစ်ဦး ထပ်မံဖမ်းဆီး

မုံရွာသတင်းထောက် အသတ်ခံရမှု သံသယရှိသူ နောက်တစ်ဦး ထပ်မံဖမ်းဆီး

မုံရွာ၊ ဇန်နဝါရီ ၂ ။             ။ မုံရွာသတင်းထောက် အသတ်ခံရမှုအတွက် KTV မှ ၀န်ထမ်းနှစ်ဦးအား ယနေ့ညနေပိုင်းတွင် ထပ်မံရမန်ယူချုပ်နှောင်ခဲ့ပြီး ၎င်းတို့အပြင်   နောက်တစ်ဦးထပ်မံ စစ်ဆေးနေကြောင်း  မုံရွာမြို့မရဲစခန်းမှ သိရသည်။

မသင်္ကာ၍ ချုပ်နှောင်စစ်ဆေးနေသူ KTV ၀န်ထမ်းနှစ်ဦးသည် ယနေ့ ဇန်နဝါရီ ၂ ရက်၊ မနက်ပိုင်းက ပထမရမန်ပြည့်ခဲ့ပြီး လွှတ်ပေးရန်စီစဉ်ခဲ့သော်လည်း စစ်ဆေးစရာများ ကျန်ရှိသည့်အတွက် ဒုတိယရမန်ထပ်မံ ယူခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ဦးအား ဒုတိယရမန်ယူကာ ထပ်မံစစ်ဆေးမည့်အပြင် နောက်တစ်ဦးကိုပါ ထပ်မံစစ်ဆေးရန်အတွက် ယနေ့ညနေပိုင်းက ချုပ်နှောင်ထားကြောင်း မုံရွာမြို့မရဲစခန်း ဒုရဲမှူး သိန်းဆွေမြင့်က ပြောသည်။

" ပထမရမန်ယူပြီးစစ်ဆေးခဲ့တာ ဒီနေ့ပြည့်ခဲ့ပါတယ် ။ ဒါပေမယ့် စစ်ဆေးစရာတွေကျန်တဲ့အတွက် ဇန်နဝါရီ ၁၆ ရက်နေ့ထိ ဒုတိယရမန်ယူပြီး ထပ်မံစစ်ဆေးမှာပါ။ အဲ့ဒီလူနှစ်ဦးအပြင် အခြားမသင်္ကာသူ နောက်တစ်ဦးကိုပါ ချုပ်နှောင်ထားပါတယ် " ဟု ဇန်နဝါရီ ၂ ရက် ညပိုင်းက ပြောသည်။

အဆိုပါ မသင်္ကာသူနှစ်ဦးအား မြို့နယ်တရားရုံးမှ ချုပ်နှောင်ခွင့်ဖြင့် ချုပ်နှောင်စစ်ဆေးခဲ့ခြင်းဖြစ်ကာ နှစ်ပတ်ကြာ(၁၄ ရက်) စစ်ဆေးနေခဲ့ပြီး ဇန်နဝါရီ ၂ ရက်က ချုပ်နှောင်ခွင့်ပြည့်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ဒုတိယအကြိမ်စစ်ဆေးခွင့် ရယူကာ ဇန်နဝါရီ ၂ ရက်မှ ၁၆ ရက်နေ့အထိ ထပ်မံ ချုပ်နှောင်စစ်ဆေးခွင့် ရယူခဲ့ခြင်း ဖြစ်သည်။

မုံရွာသတင်းထောက် ကိုစိုးမိုးထွန်းသည် ဒီဇင်ဘာ ၁၂ ရက် ၊ ညပိုင်းက မုံရွာမြို့၊ ဂေါက်ကွင်းအနီး၊ ပြည်ထောင်စုလမ်းမပေါ် တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly