"ခန္တီးမြို့နယ်၊ နန်စီပွန်ကျော်စိမ်းမှော်မှ ရေမဆေးကျောက်ရှာသူများ သတ်မှတ်ရက်အတွင်း ဖယ်ရှားမပေးပါက အရေးယူမည်"

"ခန္တီးမြို့နယ်၊ နန်စီပွန်ကျော်စိမ်းမှော်မှ ရေမဆေးကျောက်ရှာသူများ သတ်မှတ်ရက်အတွင်း ဖယ်ရှားမပေးပါက အရေးယူမည်"
 ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသတွင် ရေမဆေးကျောက် ရှာဖွေနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ကိုဦး(မဇ္ဈိမ)

မန္တလေး၊ ဇန်နဝါရီ ၂ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ကျောက်စိမ်းမှော်ရှိ တရားဝင်ကျောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီဧရိယာအတွင်း၌ ဝင်ရောက်နေထိုင်ကာ   ရေမဆေးကျောက် ရှာဖွေနေသည့်သူများကို ဇန်နဝါရီလ ၅ ရက်နေ့နောက်ဆုံးထား ဖယ်ရှားမပေးပါက တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု ခန္တီးမြို့နယ်၊ ကျောက်စိမ်း တူးဖော်ရေးဌာန၊စခန်းရုံမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းဝေက မဇ္ဈိမကို ပြောသည်။

ထိုသို့ဖယ်ရှားပေးရန်အတွက်ကြေငြာချက်များကို ယနေ့နံနက်ပိုင်းမှစတင်၍ ရေမဆေးကျောက်ရှာဖွေသူများသိရှိစေရန် စိုက်ထူနေသည်ဟုလည်း ဦးထွန်းဝေကဆိုသည်။

"ရေမဆေးကျောက်ရှာဖွေတဲ့သူတွေကို နှင်တာမဟုတ်ဘူး။ ဥပဒေအတိုင်းလုပ်ဖို့ ကြေညာထားတယ်။ ဒီနေ့ပဲ လိုက်ပြီး လုပ်နေပါတယ်။ ကုမ္ပဏီက ခြံခတ်ထားတဲ့ ဧရိယာထဲ ဖျက်စီးဝင်ရောက် ရှာဖွေနေတာတွေ ထွက်ပေးဖို့။ ကျောက်ကြောပါတဲ့ မြေစာပုံတွေပေါ်ကို မရှာဖို့ု။ နောက်တစ်ချက်က ကုမ္ပဏီဧရိယာအတွင်းမှာ တဲထိုးနေသူတွေ ဖယ်ရှားဖို့ပါ။ ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားပါမယ် " ဟု ဦးထွန်းဝေက ပြောသည်။

ရေမဆေးကျောက်ရှာဖွေသူများအနေဖြင့် ကုမ္ပဏီမှ စွန့်ပစ်သည့်မြေစာပုံတွင်သာ ကျောက်စိမ်းရှာဖွေခွင့်ပြုသွားမှာဖြစ်သည်ဟုလည်း ဦးထွန်းဝေက ဆိုသည်။

နန်စီပွန်ကျောက်စိမ်းမှော်တွင် တရားဝင်ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီ ၈၀ ကျော်ရှိနေပြီး ရေမဆေးကျောက်ရှာဖွေသူများက ကုမ္ပဏီပိုင်ဧရိယာအတွင်း ဝင်ရောက်ရှာဖွေမှုများ လုပ်နေခြင်းကြောင့် ဥပဒေအတိုင်း အရေးယူနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဦးထွန်းဝေက ဆိုသည်။

အဆိုပါနန်စီပွန်မှော်သို့ အမှတ်(၁၆)ရဲတပ်ရင်းက ဒီဇင်ဘာလ ၂၃ ရက်တွင် စတင်ရောက်ရှိလာပြီး လုံခြံုရေးများ ဆောင်ရွက်လျှက်ရှိသည်ဟု ဦးထွန်းဝေက ဆိုသည်။

ရေမဆေးကျောက်ရှာဖွေသူများအနေဖြင့် ဖယ်ရှားပေးရမည့်ရက်ကို ဆိုင်းငံ့ပေးထားရန်အတွက် သက်ဆိုင်ရာနှင့် ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်ရန် စီစဉ်လျက်ရှိပြီး မဖယ်ရှားရရေးအတွက် လုပ်ဆောင်သွားမည်ဟု ရေမဆေးကျောက်ရှာဖွေသူ ဦးထွန်းဝင်းက ဆိုသည်။

"ကျွန်တော်တို့လူကြီးတွေစုပြီး ခန္တီးမြို့နယ်သက်ဆိုင်ရာအဖွဲ့တွေ ညှိနှိုင်းဖို့လုပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ အခုလိုလုပ်တာဟာ ကုမ္ပဏီဘက်ကနေလိုက်ပြီး တစ်ဖက်သတ် လုပ်တယ်လို့ထင်တယ်။ သူတို့ကုမ္ပဏီတွေရဲ့ဧရိယာကို ပွင့်လင်းမြင်သာ ချပြမထားဘူး။ ဧကဘယ်လောက်ရှိမှန်းလည်းမသိဘူး။ကျွန်တော်တို့ရှာတယ်ဆိုတာ စွန့်ပစ်မြေစာပုံကိုရှာတာပါ။ ဒါကို ခြံလိုက်ခတ်တယ်။ ကျွန်တော်တို့ ဘာဆက်လုပ်စားရမလဲ။ အခုလည်း ရဲတပ်ရင်းက လုံခြံုရေး လာယူထားတယ် "ဟု ဦးထွန်းဝင်းကပြောသည်။

နန်စီပွန်တွင် ရေမဆေးကျောက်ရှာဖွေစားသောက်နေသူ တစ်သောင်းကျော်ရှိနေပြီး ဖယ်ရှားခံရမည်ဆိုပါက အလုပ်အကိုင်နှင့်စားဝတ်နေရေးခက်ခဲသွားမည်ဟု ရေမဆေးကျောက်ရှာဖွေနေသူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly