စဉ့်ကူးမြို့နယ် အတွင်းရှိကျေးရွာသုံးရွာ ကမ်းပါးပြိုနေသောကြောင့် အရေးပေါ် ကာကွယ်မှုများဆောင်ရွက်

စဉ့်ကူးမြို့နယ် အတွင်းရှိကျေးရွာသုံးရွာ ကမ်းပါးပြိုနေသောကြောင့် အရေးပေါ် ကာကွယ်မှုများဆောင်ရွက်
ဟင်္သာမ ကျေးရွာအုပ်စုမှ ကျေးရွာ၃ရွာကမ်းပါးပြိုနေခြင်းကို တွေ့ရစဉ်။ ဓါတ်ပုံ - အောင်ကိုဦး

မန္တလေး၊ ဇူလိုင် ၂၁ ။      ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ဟသာၤမ ကျေးရွာအုပ်စုအတွင်းမှ ရွာသုံးရွာ သည်ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးမှနေ၍ှ ကုန်းတွင်းပိုင်း ၁၅ပေကျော်အထိ ကမ်းပါးပြိုနေသောကြောင့် အရေးပေါ် ကာကွယ်ရေးများလုပ်ဆောင်နေကြောင်း မန္တလေးတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းက မဇ္ဈိမကိုပြော သည်။

ဧရာဝတီမြစ်ကမ်းဘေးရှိ ဟသာၤမကျေးရွာအုပ်စုမှ ဟသာၤမရွာ၊ မြစ်ကမ်းကြီးရွာ၊ ကြက်တူရွေး ရွာတ့ိုတွင် ဇူလိုင် ၆ ရက်မှစတင်၍ ကမ်းပြိုမှုများဖြစ်ပွားနေသောကြောင့် ဇူလိုင် ၂၁ ရက်တွင် တိုင်း ဒေသကြီး အစိုးရအဖွဲ့က သွားရောက်၍  ကာကွယ်မှုများဆောင် ရွက်ပေးပြီး  ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။

လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက  “နေအိမ်တွေပါသွားပြီ ဆိုလို့ဒီ်နေ့လာတယ်။ ဒေသခံတွေကို အားပေးတယ်။  အရေး ပေါ်ကာကွယ်ရေးလုပ် ဖို့လောလောဆယ် ငွေဆယ်သိန်း ပေးခဲ့တယ်။ ကျန်တဲ့လိုအပ်တဲ့အပိုင်းတွေကိုရေအရင်းအမြစ်က ဆက်လုပ်ပေးလိမ့်မယ် ” ဟု ပြောသည်။

ဇူလိုင် ၆ ရက်မှ စတင်၍ ဖြစ်ပေါ်ခဲ့သော ကမ်းပါးပြိုမှုကြောင့် ကျေးရွာ သုံးရွာရှိ နေအိမ် ၄၃ လုံး ရေထဲ ပါသွားခဲ့ပြီး ယင်းနေအိမ် များမှမိသားစုဝင်များအား ယာယီနေထိုင်ရန် အတွက်ကျေးရွာ မူလတန်းကျောင်းတွင် စီစဉ်ပေးထားကာ အစားအသောက်နှင့်ဆေးဝါးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

 စဉ့်ကူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သန်းက “ ကျွန်တော်တို့ ၁၈ ရက်နေ့ကစပြီး ကမ်းပါးပြိုတဲ့ အထဲပါသွားတဲ့အိမ်တွေကို ရွာအရောက် စာရင်းတွေကောက်တယ်။ စီစစ်တယ်။

တချို့တွေ ကလည်း ယာယီတဲ လေး ကိုတောင် အိမ်လုပ်ပြီး အပျက်စာရင်းပေးတာတွေလဲ ရှိတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နဲ့ညှိုနှိုင်းနေပါတယ်။ အဆင်ပြေအောင်ဆောင်ရွက်သွားမယ်။ အစိုးရအဖွဲ့ ကလည်း လိုအပ်တာတွေလုပ်ပေးမယ် လို့ညွှန်ကြား ထားပါတယ်။”ဟုပြော သည်။

ဒေသခံများအနေဖြင့် မြစ်ကမ်းပါးပြိုကျမှုကြောင့်  စိုက်ပျိုးမြေတစ်ချို့ ဆုံးရှုံးခဲ့ပြီး နေအိမ်တစ်ချို့လည်း ဆက်လက်ပြောင်းရွှေ့နေရ သည်ဟု အိမ်ရွှေ့ပြောင်းနေသည့် ဟင်္သာမကျေးရွာမှ ကိုကိုမိုး ကပြော သည်။

ကိုကိုမိုးက “အိမ်ပြောင်းရတာမလွယ်ဘူး။ ကုန်ကျစရိတ်ရှိတယ်။ စုမိဆောင်းမိပြီဆိုရင် ကမ်းပြိုတာ နဲ့ တွေ့လို့ကတော့ ကုန်ပြီပဲ။ လုပ်စားမြေတွေလည်း ဆုံးရူံးတယ်။  ကိုယ့်မွေးရပ်မြေဆို တော့ မစွန့်နိုင်ဘူးပေါ့။”ဟု ပြောသည်။

ထိုသို့ကမ်းပါးများဆက်လက်ပြိုနေခြင်းအား  အရေးပေါ် ကာကွယ်ပေးရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနကရေစီးအားလျော့နည်းစေရန် အတွက် ဇူလိုင် ၂၁ ရက်တွင် လုပ်ဆောင်ပေးနေသည်ဟု ရေအရင်း အမြစ်နှင့်မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင် ကပြောသည်။

တိုင်းဒေသကြီးအနေဖြင့် ယခုနှစ် ဘတ်ဂျက်အရ ရွာပေါင်း ၂၂ရွာတွင်  ကမ်းပြိုကာကွယ်ရေးလုပ် ဆောင်ရန် ကျပ်သန်းပေါင်း ၂၉၂၄ ဒသမ ၃သန်းနှင့်  ရေလမ်းကြောင်းဖွံ့ဖြိုးရေး အတွက်ကျပ် သန်းပေါင်း ၃၂၄ သန်း သုံးစွဲသွားမည် ဟု ဦးဝင်းလှိုင် က ဆက်လက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly