ABSDF မှ ရဲဘော် မင်းဌေး မိုးမောက်ရဲစခန်းတွင် ထိန်းသိမ်းထားဆဲ

ABSDF မှ ရဲဘော် မင်းဌေး မိုးမောက်ရဲစခန်းတွင် ထိန်းသိမ်းထားဆဲ
Photo - Ko Min Htay (Facebook)

ဇန်နဝါရီလ ၂ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္စျိမ)။             ။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ မြောက်ပိုင်းဒေသ ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးအား ယနေ့ ဇန်နဝါရီလ ၂ ရက်ထိ မိုးမောက် ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး သူ့အား ၁၇/၁ ဖြင့် တရားစွဲ ဆိုထားသည်ဟု သတင်းများထွက်ပေါ်နေအပေါ် စုံစမ်းမှုများ ပြုလုပ်နေသည်ဟု ABSDF မှ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောသည်။

 ရဲဘော်မင်းဌေးကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေါ်ရှိ စိန်လုံ စစ်ဆေးရေးဂိတ်တွင် မြန်မာ့တပ်မတော်က ဖမ်းဆီးခဲ့ပြီးနောက် ၁၇/၁ ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်ဟု သတင်းများ ထွက်ပေါ်နေမှုအပေါ် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သူက ပြောသည်။

 “မိုးမောက်ရဲစခန်းမှာ ရှိတယ်။ အခုက အောက်ခြေသတင်းက ၁၇/၁ နဲ့ တရားစွဲထားတယ်ဆိုတာ သတင်းရတယ်။ ဒါပေမယ့် စစ်တပ်ဘက်ကို မေးကြည့်တော့လည်း သူတို့ တိတိကျကျ အရေးယူထားတာမျိုး မသိရဘူး။ ဘာကြောင့်လဲဆိုတော့ JMC-U တဆင့် ဒီကိစ္စကို ကြိုးပမ်းနေတာကိုး၊ မပခကနေ JMC-U ဘယ်အခြေအနေရှိတယ်ဆိုတာ စာပို့တယ်။ ညှိနှိုင်းဆောင်ရွက်နေတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

 ရဲဘော်မင်းဌေး ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ သူလွတ်မြောက်ရေးအတွက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌမှတဆင့် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)နှင့် ညှိနှိုင်းဆောင်ရွက်နေခြင်း ဖြစ်ရာ ပမခ မှ JMC-U ပေးပို့သည့်စာတွင်လည်း ရဲဘော်မင်းဌေးအား ၁၇/၁ ဖြင့် အရေးယူထားကြောင်း   ရေးသားဖော်ပြထားခြင်း မရှိကြောင်း ဦးမျိုးဝင်းက ပြောသည်။

 “အဲဒီစာနဲ့ပတ်သက်ပြီးမှ JMC-U အတွင်းရေးမှူးကနေ စာပါအကြောင်းအရာနဲ့ပတ်သက်လို့ အကြောင်းပြန်တယ်။ ကျွန်တော်တို့ကို အကြောင်းပြန်တဲ့စာထဲမှာဆိုရင် ၁၇၊၁ နဲ့ အရေးယူမယ်ဆိုတဲ့ဟာ တရားဝင်စာမှာ ဖော်ပြထားတာ မရှိဘူး။ တပ်မတော်ကနေလည်း အဲဒီသတင်းနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာ မရဘူး။ အောက်ခြေမှာကတော့ အရေးယူထားပြီး ရမန်ယူထားသလို ဖြစ်ပြန်ရော အဲဒီအခြေအနေ ရှိနေတယ်”ဟု သူက ပြောသည်။

မပခ ပေးပို့သည့်စာအပေါ် ABSDF ဘက်မှလည်း ပြန်လည် စာရေးသားအကြောင်းကြားရန် ပြင်ဆင်နေသည်ဟု သူက ပြောသည်။

ရဲဘော် မင်းဌေးသည် နိုင်ငံရေး၊ စစ်ရေးသတန်း ဆရာတစ်ဦးလည်း ဖြစ်ပြီး ဟောလီးဝုဒ်မင်းသား Sylvester Stallone သရုပ်ဆောင်ထားသည့် Rambo 4 ရုပ်ရှင်ဇတ်ကားတွင် တပ်မတော်မှ စစ်ဗိုလ်တစ်ဦးအနေဖြင့် ပါဝင် သရုပ်ဆောင်ခဲ့သည်။

ABSDF သည် ယခင်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလက တခြားသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့သော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly