မုံရွာသတင်းထောက် အသတ်ခံရမှုတွင် သံသယရှိသူနှစ်ဦးအား ပြန်လွှတ်သော်လည်း သံသယဆက်ရှိနေဆဲဟု ဆို

မုံရွာသတင်းထောက် အသတ်ခံရမှုတွင် သံသယရှိသူနှစ်ဦးအား ပြန်လွှတ်သော်လည်း သံသယဆက်ရှိနေဆဲဟု ဆို

မုံရွာ၊ ဇန်နဝါရီ ၂ ။                 ။ မုံရွာသတင်းထောက် အသတ်ခံရမှုအတွက် မသင်္ကာ၍ ချုပ်နှောင်စစ်ဆေးနေသူ နှစ်ဦးအား ဇန်နဝါရီ ၂ ရက်က ပြန်လွှတ်ပေးခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်က ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းမှ စတင်ကာ KTV ဆိုင်မှ တာဝန်ရှိသူနှစ်ဦးကို စစ်ဆေးခဲ့ပြီး ခိုင်လုံသော သက်သေများမရရှိ၍ ပြန်လွှတ်ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"တရားရုံး တင်ပို့နိုင်ဖို့ ခိုင်လုံတဲ့သက်သေ မရဘူးဖြစ်နေတယ်။ ဒါ့ကြောင့် ကျင့်၁၇၀(၁) အရ ခေတ္တပြန်လွှတ်ထားလိုက်တယ်။ ဒါပေမယ့် မသင်္ကာအနေနဲ့ကတော့ ရှိနေဆဲပါ" ဟု မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့်က ရှင်းပြသည်။

အဆိုပါ မသင်္ကာသူနှစ်ဦးအား မြို့နယ်တရားရုံးမှ ချုပ်နှောင်ခွင့်ဖြင့် ချုပ်နှောင်စစ်ဆေးခဲ့ခြင်းဖြစ်ကာ နှစ်ပတ်ကြာ(၁၄ ရက်) စစ်ဆေးနေခဲ့ပြီး ဇန်နဝါရီ ၂ ရက်က ချုပ်နှောင်ခွင့်ပြည့်ခဲ့ခြင်းဖြစ်သည်။ မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း မသေဆုံးမီညပိုင်း၊ နောက်ဆုံးရှိခဲ့သည့် KTV ဆိုင်မှ တာဝန်ရှိသူနှစ်ဦးသည် သတင်းရရှိရန် စစ်ဆေးနေစဉ် ထွက်ဆိုချက်များ ကွဲလွဲခဲ့သဖြင့် ယခုကဲ့သို့ ချုပ်နှောင်ခွင့်ရယူ စစ်ဆေးနေခြင်းဖြစ်သည်။

ကိုစိုးမိုးထွန်း အသတ်ခံခဲ့ရမှုနှင့် ပတ်သက်၍ လူဦးရေ ၆၀ ကျော်ကိုလည်း ခေါ်ယူ စစ်ဆေးပြီးဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကလည်း ယခုအမှုနှင့် ပတ်သက်၍   နောက်ကွယ်မှ ကြိုးကိုင်သူများရှိပါက ထပ်မံ ဖော်ထုတ်ရန်အတွက် ပြောကြားထားသည်။

မုံရွာသတင်းထောက်ကိုစိုးမိုးထွန်းသည် ဒီဇင်ဘာ ၁၂ ရက် ၊ ညပိုင်းက မုံရွာမြို့၊ ဂေါက်ကွင်းအနီး၊ ပြည်ထောင်စုလမ်းမပေါ် တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly