တူရကီ နိုက်ကလပ် အကြမ်းဖက်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်တို့ ထုတ်ပြန် ပြောကြား

တူရကီ နိုက်ကလပ် အကြမ်းဖက်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်တို့ ထုတ်ပြန် ပြောကြား

ဇန်နဝါရီ ၂ ။            ။ တူရကီနိုင်ငံတွင် နှစ်သစ်ကူးညက လူပေါင်း ၃၉ ဦးသေဆုံးခဲ့ရသည့် အစ္စတန်ဘူလ်နိုက်ကလပ် တိုက်ခိုက်မှုဖြစ်စဉ်ကို မိမိတို့လုပ်ဆောင်ခဲ့သည်ဟု အစ္စလမ္မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့ (အိုင်အက်စ်) တို့က ဇန်နဝါရီ ၂ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စုစုပေါင်း ၃၉ ဦး ထိသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူဦးရေ ရ၀ အထိ ရှိခဲ့သည်ဟုလည်း တာဝန်ရှိသူများက ပြောသည်။

ယခုအခါ ယင်းနိုက်ကလပ်တိုက်ခိုက်မှုကို မိမိတို့အဖွဲ့မှ တပ်သားတစ်ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ပြောသွားခဲ့သည်ဟု လူမှုကွန်ရက်ပေါ်သို့ တက်လာသော ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၁ နာရီ ခွဲခန့်က အဆိုပါ Reina နိုက်ကလပ်တွင်းသို့ သေနတ်သမားတစ်ဦး ၀င်ရောက်လာပြီး ပစ်ခတ်တိုက်ခိုက်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုနှင့်စပ်လျင်း၍ အကြမ်းဖက်သမားများမှာ နိုင်ငံတွင် မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းဖန်တီးနေခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်ဝါဒကို တိုက်ဖျက်သွားမည်ဟု တူရကီသမ္မတ အာဒိုဂန်က ပြောကြားသွားသည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးသွားသူများထဲတွင် တူရကီနိုင်ငံသားများအပြင် ဆော်ဒီအာရေဗျ၊ လက်ဘနွန်၊ အီရတ်၊ တူနီရှား၊ အိန္ဒိယ၊ မော်ရိုကိုနှင့် ဂျောဒန်နိုင်ငံသားများလည်း ပါ၀င်သွားခဲ့သည်ဟု သိရသည်။ အလားတူ ကူဝိတ်၊ကနေဒါ၊ အစ္စရေး၊ ဆီးရီးယားနှင့် ရုရှတို့သည်လည်း ယင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ယင်းတို့၏ နိုင်ငံသားများကို ဆုံးရှုံးခဲ့ကြရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly