မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စာရင်းတွင် တရုတ်သည် ထိပ်ဆုံးက ရှိနိုင်သေးသော်လည်းမြှုပ်နှံမှု ကျဆင်းသွားမည်ဟုဆို

မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စာရင်းတွင် တရုတ်သည် ထိပ်ဆုံးက ရှိနိုင်သေးသော်လည်းမြှုပ်နှံမှု ကျဆင်းသွားမည်ဟုဆို

ဇူလိုင် ၂၁ ရက် ။       ။ တရုတ်နိုင်ငံ၏ စီးပွားရေး နှေးကွေးလာနေပြီး၊ စတော့ဈေးကွက် ဆက်လက် ကျဆင်းနေသောကြောင့်မြန်မာနိုင်ငံမှ တရုတ်ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းသွားဖွယ်ရှိနေသော်လည်း အာရှ၏ စီးပွားရေးအင်အား အကြီးမားဆုံးနိုင်ငံကြီးမှာ ထိပ်တန်းရင်းနှီးမြှုပ်နှံသူအဖြစ်မူ ဆက်ရှိနေဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စုစုပေါင်း၏ ၂၆ရာခိုင်နှုန်းဖြစ်သည့် ကန်ဒေါ်လာ ၈ ဒသမ ၉သန်း တန်ဖိုးရှိ စီမံကိန်းများကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုမှာ ဇွန်လတွင် မဆိုစလောက် မြင့်တက်လာခဲ့သည်။

ယမန်နှစ် ဧပြီလက တရုတ်ရင်းနှီးမြှုပ်နှံမှုမှာ FDI စုစုပေါင်း၏ ၃၈ရာခိုင်နှုန်းအထိ ရှိခဲ့ရာမှ ယခုနှစ်ဇွန်လတွင်မူ အနည်းငယ် ကျဆင်းသွားခဲ့သည်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံအတွင်းရှိ FDI စုစုပေါင်း၏ ၁၈ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံထားသောကြောင့် တရုတ်ပြီးလျှင် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်၏ ပထမသုံးလပတ်ကာလတွင် FDI စုစုပေါင်း ကန်ဒေါ်လာ ၂ဒသမ၃ဘီလျံရှိသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တရားဝင်ကိန်းဂဏန်းများက ဖော်ပြနေသော်လည်း အမှန်တကယ် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ထို့ထက်မြင့်မားနိုင်ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြသည်။

FDI ပမာဏ ကန်ဒေါ်လာ ၂ဒသမ၃ဘီလျံအနက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတစ်ခုတည်းကပင်လျှင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ကန်ဒေါ်လာ ၂ဘီလျံရှိသည်။ ဖော်ပြပါကိန်းဂဏန်းများမှာ မြန်မာက ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၈ဘီလျံနီးပါးအထိ ဆွဲဆောင်နိုင်ခဲ့ သည့် ၂၀၁၄-၁၅ဘဏ္ဍာနှင့်နှင့် ချိန်ညှိထားခြင်းဖြစ်ပြီး ယင်းတို့အနက် ၄၀ရာခိုင်နှုန်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခဲ့ခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းသို့ တရုတ်ရင်းနှီးမြှုပ်နှံမှု နှေးကွေးနေရခြင်းတွင် နိုင်ငံရေးအခြေအနေသည်လည်း တစ်ခန်းတစ်ကဏ္ဍ ပါဝင်သော်လည်း မကြာသေးမီးက တရုတ်နိုင်ငံ စတော့ဈေးကွက် ကျဆင်းမှုကလည်း အခြေအနေကို ပိုမိုဆိုးရွားသွားစေ သည်ဟု မြန်မာနိုင်ငံကို ကာလကြာ စောင့်ကြည့်လာခဲ့သူ ဆစ်ဒနီရှိ မက်ကွာရီတက္ကသိုလ်မှ စီးပွားရေးပါမောက္ခ ရှောင်တန်နယ် ကပြောကြားသည်။

"မြန်မာအစိုးရရဲ့ ရပ်တည်ချက်က အေးစက်စက်ပါပဲ။ တရုတ်ကလည်း စစ်အစိုးရဟောင်းရဲ့ နောက်ဆုံးနှစ်တွေမှာ အမှန်တကယ် ရင်းနှီးမြှုပ်နှံသူဆိုလို့ သူတစ်ဦးတည်းပဲ ရှိနေတုန်းအခါက ပိုပိုသာသာလုပ်ခဲ့တယ်လို့ သဘောပေါက် လာပါတယ်။’’ ဟု ပါမောက္ခ တန်နယ်က Asia Focus သို့ ပြောကြားခဲ့သည်။

ယခင်စစ်အစိုးရဟောင်းနှင့် သဘောတူခဲ့သည့် တစ်ဖက်စောင်းနင်း စာချုပ်များ၏ အကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံ၌ တရုတ် မုန်းတီးရေးစိတ်ဓာတ်များကို ဖြစ်ပေါ်စေခဲ့သောကြောင့် နှစ်ဖက်စလုံးက ပြန်လည်တည်ဆောက်ရေး လိုအပ်ကြောင်း သဘောပေါက်ခဲ့ကြသည်ဟု ဆိုသည်။

ပြည်တွင်းတွင် မကျေနပ်ချက်များကြောင့် အကြီးစားရေအားလျှပ်စစ်စီမံကိန်း အမြောက်အများကို ရပ်ဆိုင်းခဲ့ကြရရာ ယင်းတို့ အနက် ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်က ဆိုင်းငံ့ထားခဲ့သည့် ကချင်ပြည်နယ်မှ မြစ်စုံဆယ်စီမံကိန်းလည်း ပါဝင်သည်။     

ကန်ဒေါ်လာ ၃ဒသမ၆ဘီလျံကုန်ကျမည့် ဧရာဝတီမြစ်ညာမှ မြစ်စုံဆည်စီမံကိန်းကို မူလက ၂၀၁၇ခုနှစ်တွင် အပြီးသတ်ရန် ရည်ရွယ်ထားသော်လည်း ယခု မသေချာတော့ပေ။ ထိုရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ် မီဂါဝပ် ၆၀၀၀ ထုတ်လုပ် မည်ဖြစ်ပြီး အများစုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွက် အသုံးပြုမည်ဖြစ်သည်။

ထိုသို့ နှေးကွေးတုံ့ဆိုင်းမှုများ ရှိလင့်ကစား တရုတ်ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စီးဝင်လာမည်ဟု မျှော်လင့်ကြောင်း  ပါမောက္ခ တန်နယ်က ပြောကြားပါသည်။  

"စီမံကိန်းကြီးတွေဟာ တစ်ခုနဲ့တစ်ခု အချိန်ခြားတတ်လို့ FDI ဟာ အလားအလာကောင်းတွေနဲ့ ပြည့်နေပါတယ်။ တရုတ် FDI တွေ ပြန်ဝင်လာမယ်လို့ ကျွန်တော်အသေအချာ ယုံကြည်မျှော်လင့်ပါတယ်။’’ ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က တရုတ်၊ ထိုင်းနှင့် မြန်မာတို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုင်းတုံဆည် တည်ဆောက်ရန် နားလည်မှုစာချွန်လွှာ ရေးထိုးလိုက်သည့်သတင်းက ပါမောက္ခတန်နယ်၏ မျှော်လင့်ချက်ကို အထောက်အပံ့ဖြစ်စေပါသည်။

ကန်ဒေါ်လာ ၂ဘီလျံ ကုန်ကျမည့် မိုင်းတုံဆည်အနေဖြင့် စွမ်းရည်ပြည့်အလုပ်လုပ်လျှင် လျှပ်စစ်ဓာတ် မီဂါဝပ် ၇၀၀၀ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၉၀ရာခိုင်နှုန်းကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲများတွင် သမ္မတဦးသိန်းစိန်အနေဖြင့် ဒုတိယသက်တမ်းအတွက် အရွေးမခံတော့ဟူ သည့်ကောလဟဠများကြောင့်လည်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ပြန်ဝင်လာဖွယ်ရှိနေသည်။

သို့ရာတွင် နောက်ပိုင်းတွင် ဦးသိန်းစိန်က ဒုတိယသက်တမ်းအတွက်လည်း ငြင်းဆိုထားခြင်း မရှိဟု သတင်းထွက်ပေါ်ခဲ့ပြန်သည်။

ပြည်တွင်းမီဒီယာများကမူ ဦးသိန်းစိန်၏ သမ္မတသက်တမ်း ပြီးဆုံးသွားသည်နှင့်မြစ်စုံဆည် တည်ဆောက်မှု ကိုပြန်လည် စတင်နိုင်ရန် ပြင်ဆင်နေကြောင်း သတင်းများ ဖော်ပြလာကြသည်။

အစိုးရက မြစ်စုံဆည်စီမံကိန်းကို ဆိုင်းငံ့ထားသော်လည်း ပြင်ဆင်မှုများကို ဆက်လက်လုပ်ဆောင်နေသည့် သတင်းများလည်း ထွက်ပေါ်နေခဲ့သည်။  

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေက သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသော်လည်း ပြီးခဲ့သည့်လက တရုတ်နိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့စဉ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လက်ကမ်းခဲ့ပြီးဖြစ်သဖြင့် ဦးသိန်းစိန် နောက်တစ် ကြိမ် ပြန်အရွေးမခံလျှင်လည်း တရုတ်က ကျေးဇူးတင်နေလိမ့်မည်ဟု ယူဆကြောင်း ပါမောက္ခတန်နယ်က ပြောကြားခဲ့သည်။

"ဒါပေမယ့်လည်း ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်က တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ ရိုက်ခတ်မှု သိပ်ရှိမယ်လို့ မထင်ဘူး။နောက်ဆုံး မှာတော့ ဒါကို ကိန်းဂဏန်းတွေကပဲ ပြဌာန်းသွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။’’ ဟု ၎င်းက ပြောကြားခဲ့သည်။

Ref; Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly