DJ ဆိုတာဘာလဲ?

DJ ဆိုတာဘာလဲ?

မြန်မာနိုင်ငံမှာတော့ ဒီဂျေလို့ဆိုလိုက်ရင် ကလို့ကောင်းတဲ့သီချင်းတွေကို တီးတဲ့လူတွေလို့ထင်ကြပါတယ်။ အထူးသဖြင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတွေမှာ ရေကစားမဏ္ဍပ်တွေကနေ   မြူးကြွတဲ့တေးသီချင်းတွေကို တင်ဆက်ပေးနေသူတွေကို ဒီဂျေလို့နားလည်ထားကြပါတယ်။

ဒီနေ့ ကမ္ဘာမှာ EDM Music (Electronic Dance Music) ခေတ်စားလာချိန်မှာ မြန်မာနိုင်ငံမှာ ဒီဂျေတွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ လူငယ်တွေအကြားမှာ ဒီဂျေပညာကိုလေ့လာသင်ယူမှုတွေရှိလာသလို ဒီဂျေသင်တန်းကျောင်းတွေ၊ ပြည်ပ ကျော်ကြားတဲ့ ဒီဂျေတွေ မြန်မာနိုင်ငံကိုလာပြီး Work Shop ပုံစံမျိုးလုပ်တာတွေလည်း ရှိလာပါတယ်။ ဒါပေမယ့် လက်ရှိဒီဂျေအသိုင်းအဝန်းထဲမှာ ဒီဂျေလုပ်နေတဲ့ လူငယ်တစ်ချို့အပါအဝင် မြန်မာနိုင်ငံက လူအများစုကတော့ ဒီဂျေရဲ့စွမ်းဆောင်ရည်နဲ့ ဒီဂျေဆိုတာ ဘာလဲဆိုတာကိုတော့ အခုအချိန်အထိ တိတိကျကျမသိရှိကြသေးပါဘူး။

What is DJ?

DJ(or) Deejay ဟာ Disc jockey ပါ။ သီချင်းတွေကို ပေါင်းစပ်ရောနှောပြီး နားထောင်ရအဆင်ပြေအောင် ပေါင်းစပ်ဖန်တီးရတာက ဒီဂျေတစ်ဦးရဲ့အဓိကတာဝန်ပါ။ ဒီဂျေတစ်ယောက်မှာ အရေးအကြီးဆုံးကို ပြောပါဆိုရင် အောက်က ပရိသတ်ရဲ့စိတ်ခံစားမှုကို သိရှိနားလည်နိုင်ဖို့ပါ။ သီချင်းတစ်ပုဒ်ဖွင့်ပြီး Club ထဲက လူတွေအားလုံးကို ထကအောင် လုပ်နိုင်သလို သီချင်းတစ်ပုဒ်ဖွင့်ပြီး Club ထဲကလူတွေ အကုန်ထပြန်သွားအောင်လည်းလုပ်နိုင်တယ်။ ဒီစကားတွေကိုတော့ ဒီနေ့ မြန်မာနိုင်ငံဒီဂျေလောကထဲမှာ နာမည်ရလာတဲ့ တက်သစ်စလူငယ်ဒီဂျေသမား စွမ်းထက်( DJ The Bassclipper) က ပြောတာပါ။

ဒီဂျေဆိုတာ သီချင်းတွေကို ဖန်တီးပေါင်းစပ်နိုင်ရုံတင်မကပဲ သူ့ဖွင့်တဲ့ သီချင်းတွေနဲ့ တီးလုံးတွေကို နားထောင် နေတဲ့လူတွေရဲ့စိတ်ခံစားမှုအခြေအနေကို သုံးသပ်နိုင်စွမ်းရှိရပါတယ်။ ပြီးတော့ ဂီတနဲ့ပတ်သက်ပြီး ဂီတအမျိုးအစားမျိုးစုံကို ခေတ်နဲ့မျက်ခြေမပျက်ပဲ နေ့စဉ်နားထောင်ပြီး စုဆောင်းရပါတယ်။ မြန်မာ ဒီဂျေအများစုကတော့ သီချင်းတွေကိုပဲ ဖွင့်ပြတာဖြစ်ပြီး တစ်ချို့ကလည်း ကိုယ်တိုင်တီးထားတဲ့ Theme Songs  တွေကို ဖွင့်ပြကြပါတယ်။    

မြန်မာပြည်ဒီဂျေစျေးကွက်

ကျွန်တော်တို့ဆီမှာက ဒီဂျေကို ပွဲတွေမှာ အသုံးပြုနေကြပြီဆိုပေမယ့် တန်ရာတန်ကြေးပေးတာမျိုးတော့ သိပ်မရှိသေးဘူး။ တစ်ချို့ပွဲတွေမှာဆို နိုင်ငံခြားသားဒီဂျေတွေကို စျေးအများကြီးပေးပြီးခေါ်သုံးတာမျိုးရှိတယ်။ သူတို့နဲ့ မြန်မာဒီဂျေတွေနဲ့က အရည်အချင်းအတူတူပဲ။ ဒါပေမယ့် မြန်မာဒီဂျေဆို စျေးသိပ်မပေးချင်ကြဘူး။ လို့ စွမ်းထက်က မြန်မာနိုင်ငံက ဒီဂျေစျေးကွက်အခြေအနေကို သုံးသပ်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီဂျေကို ပျော်ပွဲရွှင်ပွဲတွေမှာ အဓိကထားအသုံးပြုကြပေမယ့် နောက်ပိုင်းမှာတော့ ကုန်ပစ္စည်းမိတ်ဆက်တို့ သတင်းစာရှင်းလင်းပွဲအချို့မှာပါ ဒီဂျေကို သုံးလာပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသား ဒီဂျေအများစုဟာပွဲတစ်ပွဲမှာ ဖွင့်ပေးခအနေနဲ့ကတော့ မြန်မာငွေကျပ် တစ်သိန်းခွဲလောက်ပဲ ရကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ဒီဂျေလူငယ်အများစုဟာ ပရော်ဖက်ရှင်နယ်ရပ်တည်ဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။ အနုပညာဖန်တီးမှုအတွက် ပြန်ရတဲ့ အနုပညာကြေးက နည်းပေမယ့် ဖန်တီးရတဲ့စက်ပစ္စည်းတွေစျေးနှုန်းကတော့ လူငယ်အများစု လက်လှမ်းမမီနိုင်တဲ့အနေအထားမှာ ရှိပါတယ်။

ကျွန်တော်ဆိုရင် အိမ်မှာ ဒီဂျေစက်အသေးပဲရှိတယ်။ Club တို့ ပွဲတို့မှာ ဖွင့်ပေးရမှာတွေရှိလာရင် အကိုတစ်ယောက်ဖွင့်ထားတဲ့ ဒီဂျေပစ္စည်းဆိုင်မှာ သွားလေ့ကျင့်ရတယ်။ စက်တွေက အရမ်းစျေးကြီးတော့ မဝယ်နိုင်သေးဘူး။ တဖြည်းဖြည်းချင်းတစ်ခုစီဝယ်စုနေရတယ်။ ဒီအခြေအနေက မြန်မာနိုင်ငံလူငယ်ဒီဂျေသမားတိုင်း ကြံုတွေ့နေရတဲ့ အခက်အခဲပါ။ ဒါပေမယ့် သူတို့တွေကတော့ လက်ရှိအခြေအနေကို အကောင်းမြင်နေပြီး တစ်နေ့မှာ ဒီဂျေသမားတွေအတွက် ကောင်းမွန်တဲ့ အနာဂတ်ရှိလာဖို့ မျှော်လင့်ထားကြပါတယ်။

ဒီဂျေနဲ့မူးယစ်ဆေး

မြန်မာနိုင်ငံမှာ ဒီဂျေသမားလူငယ်တစ်ယောက်ကို လူအများစုမြင်တာက အရက်၊ မူးယစ်ဆေး၊ မိန်းမကိစ္စတွေ ရှုပ်မယ့်သူတွေလို့ မြင်တတ်ကြတယ်။ ဒီအမြင်တွေက ဒီဂျေသမားတိုင်းအတွက်တော့ မှန်ကန်မှုမရှိပါဘူး။ ဒီဂျေကို အနုပညာတစ်ခုအနေနဲ့ စွဲလန်းရူးသွပ်ပြီးလုပ်နေကြတဲ့လူငယ်အများစုမှာတော့ ဒီလိုကိစ္စမျိုးတွေ အတွက် အချိန်တောင်မပေးနိုင်ကြပါဘူး။

ဒီဂျေလူငယ်အများစုဟာ ဒီလောက မှာ အခြေချနိုင်ဖို့အတွက် အစွမ်းကုန်ရုန်းကန်နေကြရတာဖြစ်ပြီး အတားအဆီးအမျိုးမျိုးကိုလည်း ကြိုးစားကျော်ဖြတ်နေရတာပါ။ လူအများစုရဲ့အမြင်နဲ့ ပတ်သက်ပြီး စွမ်းထက်က အခုလိုပြောပါတယ်။ ဒီဂျေသမားတွေ မူးယစ်ဆေးနဲ့မကင်းဘူးလို့ အများစုကခေါင်းစဉ်တပ်ကြတယ်။ ကျွန်တော်တို့အလုပ်လုပ်နေရတဲ့ ပတ်ဝန်းကျင်ကြောင့်အခုလို အပြောခံနေရတာလို့ထင်ပါတယ်။ တစ်ချို့ဒီဂျေတွေလည်း Club တွေမှာ အရက်ပဲတိုက် ဖွင့်ပေးမယ်ဆိုပြီး လုပ်နေတာတွေရှိပေမယ့် အများစုကတော့ အဲ့လိုမဟုတ်ပါဘူး။ ကျွန်တော်ဆို ဆေးလိပ်အနံ့တောင်မခံနိုင်ဘူး။

မြန်မာနိုင်ငံဒီဂျေစျေးကွက်မှာ အမျိုးသမီးဒီဂျေသမားတွေလည်း ရှိပါတယ်။ အမျိုးသား ဒီဂျေသမားတွေတောင် ရုန်းကန်နေရတဲ့ အခြေအနေမှာ အမျိုးသမီး ဒီဂျေသမားတွေအနေနဲ့လည်း ရပ်တည်ရတာ ခက်ခဲပါတယ်။ စျေးကွက်အနေအထားမှာတော့ တစ်ချို့အမျိုးသမီးဒီဂျေတွေက အမျိုးသားဒီဂျေတွေထက် အနုပညာကြေးပိုရတာမျိုးတွေရှိပါတယ်။

မြန်မာဒီဂျေသမားတွေ ဘယ်သွားမှာလဲ

မြန်မာနိုင်ငံမှာ ဒီဂျေသမားလူငယ်အများစုဟာ ခိုင်မာတဲ့စျေးကွက်မရှိသေးတဲ့အတွက် ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကနေပြီး နိုင်ငံတကာမှာအောင်မြင်အောင်လုပ်နိုင်တဲ့ ဒီဂျေတွေလည်း ရှိနေပါပြီ။ ဒီအနေအထားက လူငယ်ဒီဂျေသမားတွေအတွက် အားတက်စရာပါ။

ကိုယ်ပိုင် သီချင်းတွေနဲ့ Theme Songs တွေပိုပြီး ဖန်တီးနိုင်မယ်ဆိုရင်တော့ နိုင်ငံတကာအဆင့်ကို သွားဖို့ အခြေအနေပိုကောင်းလာနိုင်တဲ့အတွက် လူငယ်ဒီဂျေသမားတွေဟာ ကိုယ်ပိုင်တီးလုံးတွေဖန်တီးလာကြပါတယ်။ ဒီလို ကိုယ်တိုင်တီးနိုင်တဲ့ ဒီဂျေသမားတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ အထဲမှာ စွမ်းထက်လည်းပါပါတယ်။

ကျွန်တော်အနာဂတ်မှာ Music Producer တစ်ယောက်အနေနဲ့ ရပ်တည်သွားချင်ပါတယ်။ အိမ်မှာ ကိုယ်ပိုင် စတူဒီယိုလေးတစ်ခုဖြစ်အောင် ကြိုးစားနေပါတယ်။ သီချင်းတီးဖို့လိုအပ်တာတွေလည်း စုနေပါပြီ။ မြန်မာနို်င်ငံက Music Producer တွေထဲမှာတော့ ကိုချမ်းအေးဝင်းကို အကြိုက်ဆုံးပါ။ သူက နိုင်ငံတကာကိုသွားနိုင်တဲ့ အဆင့်မျိုးရောက်နေပါပြီ။ ကျွန်တော်ကိုယ်တိုင်ဖန်တီးထားတဲ့ဂီတကို ပရိသတ်တွေကို ဖွင့်ပြချင်ပါတယ်။

မြန်မာလူငယ်ဒီဂျေသမားတွေဟာ သူတို့ဖန်တီးထားတဲ့ ဂီတကို နိုင်ငံတကာကိုရောက်ဖို့အတွက် Youtube လို့ ဝက်ဘ်ဆိုက်တွေမှာ တင်နေကြပေမယ့် လက်ရှိအချိန်အထိတော့ အကျိုးသက်ရောက်မှုမရှိသေးပါဘူး။ ဒါပေမယ့် မြန်ဒီဂျေသမားတွေဟာ တခြားနယ်ပယ်က လူငယ်တွေလိုပဲ သူတို့အလုပ်ကို အကောင်းဆုံး ကြိုးစားနေပြီး အနာဂတ်ကို ကိုယ်တိုင်ဖန်တီးနိုင်ဖို့ ကြိုးစားနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly