ထူးထူးခြားခြား Bed Racing ပြိုင်ပွဲများ

01 January 2017
ထူးထူးခြားခြား Bed Racing ပြိုင်ပွဲများ

ဒီတစ်ပတ်မှာတော့ Bed Racing ပြိုင်ပွဲအကြောင်းကို ပြောပြပေးမှာပါ။ ဘယ်လိုပြိုင်ပွဲလဲဆိုတာကို ကျွန်တော်တို့အရင်ကြည့်လိုက်ကြရအောင်ပါ။

မြင်တွေ့ခဲ့ကြရတဲ့အတိုင်း ပျော်စရာကောင်းတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ဒီကစားနည်းကလည်း ထုံးစံအတိုင်း ထူးထူးဆန်းဆန်း တွေဖန်တီးလေ့ရှိတဲ့ အင်္ဂလန်နိုင်ငံကပဲ တီထွင်ထားတာပါ။ ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံ နော့ယော့ခ်ရှိုင်းယားက နဲစ်ဘရော့မြို့မှာ နှစ်စဉ် ကျင်းပနေပါတယ်။

၁၉၆၅ ခုနှစ်မှာ ပထမဆုံးကျင်းပခဲ့ပြီး အဲဒီတုန်းက ကြည်းတပ်၊ ရေတပ်နဲ့ အမေရိကန် ကမ်းတပ် တပ်သားတွေအတွက်သာ ကျင်းပခဲ့တာဖြစ်ပေမယ့် အခုဆိုရင်တော့ လူတိုင်းပါဝင်ဆင်နွှဲလို့ရနေပါပြီ။ အသင်းတစ်သင်းမှာ ဘီးတပ်ကုတင်ကိုတွန်းမယ့်သူ ခြောက်ယောက်၊ လိုက်စီးရမယ့်သူတစ်ယောက်ပါဝင်ပါတယ်။

ပြိုင်ပွဲဝင်အသင်းတွေဟာ ပြိုင်ပွဲခေါင်းစဉ်အလိုက် ကိုယ့်ပြိုင်ပွဲဝင်ကုတင်ကို ဖန်တီးကြရပါတယ်။ ကုတင်ဟာ ဘီးလေးဘီးပါရမယ့် အပြင် ရေပေါ်မှာလည်း ပေါ်နိုင်ဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပြိုင်ပွဲလိုအပ်ချက်အရ ရေပေါ်ပေါ်ဖို့ လိုအပ်လို့ပါ။ ပြေးလမ်းအစအဆုံးက ၃ ကီလိုမီတာရှည်ပြီး ကိုနင်ဂမ်ဟောမှာ အဆုံးသတ်မှာပါ။

ပြိုင်ပွဲမှာ အပိုင်း ၅ ပိုင်း ပါဝင်ပြီး အတက်အဆင်းလမ်းတွေအပြင် ရေခဲရေလိုအေးစက်နေတဲ့ နစ်မြစ်ကို ကိုက် ၂၀ လောက် ရေကူးပြီးတော့လည်း ဖြတ်ကျော်ကြရပါသေးတယ်။ ဒါကြောင့် ကုတင်ကိုတွန်းပြီးပြေးမယ့်သူတွေဟာ ကျန်းမာကြံ့ခိုင်နေဖို့တော့ လိုပါတယ်။ ကုတင်ပေါ်လိုက်စီးတဲ့သူတွေကလည်း ပေါ့ပါးဖို့၊ ရေကူးတတ်ဖို့နဲ့ အသံကျယ်ကျယ်အော်နိုင်ဖို့ လိုပါတယ်။

နဲစ်ဘရော့မြို့က ဒီပြိုင်ပွဲကို နှစ်စဉ်ဝင်ပြိုင်တဲ့ အသင်းပေါင်း ၉၀ ထိရှိပါတယ်။ တစ်သင်းမှာ တွန်းပြေးမယ့်သူခြောက်ယောက်၊ စီးနင်းမယ့်သူ တစ်ယောက်ပါလို့ စုစုပေါင်းပြိုင်ပွဲဝင်အရေအတွက် ၆၃၀ တောင်ရှိပါတယ်။ ပြိုင်ပွဲမစခင် လူရာပေါင်းများစွာက လည်း အသင်းတွေနဲ့အတူ အတီးအမှုတ်အကအခုန်တွေနဲ့ မြို့ထဲမှာလှည့်လည်ကြပါသေးတယ်။ နဲစ်ဘရော့မြို့မှာသာမကဘဲ အင်္ဂလန်နိုင်ငံတစ်ဝှမ်း၊ အမေရိကန်၊ ဂျာမနီနဲ့ နယူးဇီလန်တို့မှာလည်း ဒီလိုပြိုင်ပွဲတွေ ကျင်းပနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags