နိုုင်/ကျဉ်း အဓိပ္ပါယ် သတ်မှတ်ချက်နှင့် ပတ်သက်ပြီး အစိုးရလုပ်ရပ် ရှေ့နောက်မညီဟု ဒေါ်အောင်ဆန်း စုကြည်ဝေဖန်

နိုုင်/ကျဉ်း အဓိပ္ပါယ် သတ်မှတ်ချက်နှင့် ပတ်သက်ပြီး အစိုးရလုပ်ရပ် ရှေ့နောက်မညီဟု ဒေါ်အောင်ဆန်း စုကြည်ဝေဖန်

နေပြည်တော်၊ ဇူလိုင် ၂၁ ။    ။ “နိုင်ငံရေးအကျဉ်းသား” အဓိပ္ပာယ်သတ်မှတ်ချက်အပေါ် အစိုးရ၏ လုပ်ရပ်သည် ရှေ့နောက် ညီညွတ်မှု မရှိဟု ပြီးခဲ့သည့် စစ်အစိုးရလက်ထက်က နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ရှည်နေထိုင်ခဲ့ရသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်သည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများဟု အစိုးရက  ခေါ်ဝေါ်လေ့ရှိသည့် အကျဉ်းသား များကို “နိုင်ငံရေးအကျဉ်းသား” ဟူ၍ အဓိပ္ပာယ်သတ်မှတ်မည်မဟုတ်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၏ ပြောဆိုချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က  “အရှေ့အနောက်မညီဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရကပဲ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ဖို့ အဖွဲ့ဖွဲ့ပေးတယ်မလား။ အခုမှ နိုင်ငံရေး အကျဉ်းသားရဲ့ အဓိပ္ပါယ်ကို မဖော်ချင်ဘူးဆိုတော့ အရှေ့အနောက်မညီတဲ့ သဘောရှိတာပေါ့” ဟု လွှတ်တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အဖွဲ့ဝင် ၁၉ဦးပါဝင်သော “လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ” ကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် လွန်ခဲ့သည့် နှစ်နှစ်ကျော်က ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၀ မတိုင်မီနှစ်များအတွင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂,ဝဝဝ ကျော်ရှိခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင်း အကြိမ်ကြိမ်သော အကျဉ်းသား လွှတ်ပေးမှုများတွင် နိုင်ငံရေး အကျဉ်းသားများ လည်း ပါဝင်လာခဲ့သည်။

သို့သော်  “နိုင်ငံရေးအကျဉ်းသားများ” အဖြစ် သတ်မှတ်ပါက အကျဉ်းထောင်အတွင်း အခွင့်ထူးခံအကျဉ်းသား အတန်းအစားတစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ပြီး အကျဉ်းထောင် စည်းကမ်းချိုးဖောက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းနှင့် အကျဉ်းထောင်အတွင်း အုပ်စုလိုက် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည်ဟု ပြည်ထဲရေး ဒုဝန်ကြီးဖြစ်သူ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဇူလိုင် ၂၁ရက်က ပြည်သူ့လွှတ်တော်အဝေးတွင် အစည်းအတွင် ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ နိုင်ငံရေးကြောင့် အကျဉ်းကျခံနေရသူအားလုံးကို နိုင်ငံရေး အကျဉ်းသားများအဖြစ် သတ်မှတ်ထားသည်ဟု ဆိုသည်။

၎င်းက “နိုင်ငံရေး အကျဉ်းသားဆိုတာ ရိုးရိုးပဲပေါ့။ နိုင်ငံရေးကြောင့်မို့ အကျဉ်းကျခံရတဲ့သူက နိုင်ငံရေး အကျဉ်းသားပေါ့” ဟု ဆိုသည်။

ယခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆၉ ဦး ဆက်လက် ဖမ်းဆီး ထိန်းသိမ်းခံနေရပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ စုစုပေါင်း ၄၄၆ ဦးတို့သည် တရားရင်ဆိုင် နေရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly