မြေနီကုန်းမှ USA သို့

မြေနီကုန်းမှ USA သို့
photo: Thet Ko

မြေနီကုန်း ဂုံးကျော်တံတားအောက်မှာ သီချင်းတွေဖွင့်ပြီး ကနေကြတဲ့လူငယ်တွေကို ရန်ကုန်မြို့ကလူအတော် များများမြင်တွေ့ဖူးမှာပါ။ အများစုက သူတို့ကို ပတ်ဝန်းကျင်ကို နှောင့်ယှက်ပြီး ဆူဆူညံညံလုပ်နေကြတာလို့ မြင်ပြီး လူငယ်အချင်းချင်းကတော့ သဘောကျနှစ်ခြိုက်စွာအားပေးကြပါ။

သူတို့တွေက ဘယ်သူတွေလဲ၊ သူတို့ဘာလို့အခုလိုအများမြင်ကွင်းမှာ လာကနေကြတာလဲ၊ သူတို့ရည်ရွယ်ချက်ကဘာလဲ။ ဒါတွေကိုတော့ ဘယ်သူမှမသိကြပါဘူး။ ဒီလူငယ်တွေကိုကြည့်ရင် စနစ်တကျနဲ့ စိတ်ပါလက်ပါကနေကြတာဖြစ်ပြီး ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်တတ်ကြပါဘူး။ သူတို့ဘာလို့ ကနေကြတာလဲဆိုတာ………။

Street Dance ဆိုတာ ဘာလဲ

တကယ်တော့ Street Dance ဆိုတာ Hip Hop ယဉ်ကျေးမှုတစ်ခုပါ။ ကမ္ဘာမှာတော့ Street Dance ထွန်းကားနေတာနှစ်ပေါင်း ၅၀ ကျော်လောက်ရှိနေပါပြီ။ တစ်ချို့နိုင်ငံတွေမှာဆိုရင် Street Dance ကို အစိုးရတွေကိုယ်တိုင်ကအားပေးပြီး အကအဖွဲ့တွေကို ကူညီထောက်ပံ့မှုတွေလုပ်ကြပါတယ်။

World Street Dance Championship ပြိုင်ပွဲတွေကိုလည်း နှစ်စဉ်ပြုလုပ်နေပြီး နိုင်ငံပေါင်း ရာနဲ့ချီဝင်ပြိုင်ကြ ပါတယ်။ မြန်မာနိုင်ငံမှာတော့ Street Dance ယဉ်ကျေးမှုက ၂၀၀၀ ခုနှစ်လောက်မှာ Hip Hop နဲ့အတူတွဲပြီး ရောက်ရှိလာကာ ၂၀၀၉ လောက်မှာ ပိုမိုကျယ်ပြန့်လာပါတယ်။ ကျွန်တော်စကတော့ ၂၀၀၀ ဝန်းကျင်လောက်မှာ။ နောက်ပိုင်း ၂၀၁၂ လောက်မှာတော့ ပိုပြီး ထွန်းကားလာတယ်ထင်ပါတယ်။ ပွဲတွေမှာ ကခွင့်ရလာတယ်။ အကသမားအချင်းချင်းစုစည်းပြီး Street Dance Association တစ်ခုကိုလည်းထောင်နိုင်ခဲ့တယ်။ အခုဆို မြန်မာနိုင်ငံမှာ ပြိုင်ပွဲတွေလည်းလုပ်နိုင်ပါပြီ။ မြန်မာနိုင်ငံရဲ့ Street Dance First Generation လို့ဆိုနိုင်တဲ့ ဂျင်မီကိုကိုက ပြောပါတယ်။

မြန်မာနိုင်ငံက Street Dancer အများစုဟာ အကပညာကို လေ့လာတဲ့နေရာမှာတော့ နည်းစနစ်တကျ သင်ယူဖို့အခွင့်အရေးမရှိပဲ နိုင်ငံတကာ MTV တွေ၊ Youtube လိုနေရာတွေကလေ့လာပြီး ကကြရပါတယ်။ မြန်မာနိုင်ငံကလူငယ်တွေအကများတဲ့ Street Dance အမျိုးအစားတွေကတော့ B-Boy, Poppy, Hip Hop, အမျိုးအစားတွေကို ကကြတာပါ။

ဘာလို့ လူငယ်တွေကနေကြတာလဲ

ကျွန်တော်က ဒီ Street Dance အမျိုးအစားမှာ B-Boy အမျိုးအစားကိုအဓိကထားကပါတယ်။ ကျွန်တော်ငယ်ငယ်က အကရုပ်ရှင်ကားတွေကြည့်ပြီး ဒီအကကိုစွဲလန်းသွားတာပါ။ သင်တာကတော့ ဗီဒီယိုတွေကနေလေ့လာတယ်။ နောက် Myanmar Street Dance Association က အကိုတွေကလည်း တစ်ပတ်တစ်ခါ မြေနီကုန်းတံတားအောက်မှာလာကတော့ ပြောပြပေးတာတွေရှိပါတယ်။ အသက် ၁၆ နှစ်အရွယ်ပဲရှိသေးတဲ့အကသမား ဇေသူရိန်ထွန်းက သူဘာကြောင့်ကဖြစ်တာလဲဆိုတာကိုပြောခဲ့တာပါ။

မြန်မာလူငယ်တွေအကပညာကို စိတ်ဝင်တစားလေ့လာနေကြပေမယ့် အများစုက မိဘဆရာသမားတွေရဲ့ အားပေးထောက်ခံမှုကိုမရကြပဲ အခက်အခဲတွေနဲ့ရင်ဆိုင်ကြရပါတယ်။ ဒါပေမယ့်လူငယ်အများစုကတော့ သူတို့ ယုံကြည်ချက်ကို မစွန့်လွှတ်ပဲ ဒီလမ်းပေါ်မှာ ဆက်လျှောက်နေဆဲပါ။ ကျွန်တော်စကတော့ အိမ်က ဘာမှမပြောဘူး။ နောက်ပိုင်းမှာ ကပြီးရင် မောတော့ ဘာမှမလုပ်နိုင်ဘူး၊ စာလဲ မကျက်နိုင်ပဲ အိပ်ပဲအိပ်နေတော့ မကြည်ဖြူတော့ဘူး။ ဆရာမတွေကတော့ ဆယ်တန်းပြီးမှကတဲ့။ ကိုးတန်းကျောင်းသားအကသမား မင်းကောင်းခန့်က သူ့ကြံုတွေ့နေရတဲ့ အခက်အခဲကို ပြောပါတယ်။

သူတို့အများစုဟာ ဒီအကကိုဘာလို့ကနေကြတာလဲဆိုတော့ သဘောကျနှစ်ခြိုက်မှုအပြင် ကျန်းမာရေးအတွက် ကဖြစ်ကြတဲ့လူငယ်တွေလည်း ရှိပါတယ်။ Street Dance ကဒီလူငယ်တွေရဲ့ဘဝနေထိုင်မှုပုံစံတစ်မျိုးဖြစ်နေပြီး မူးယစ်ဆေးသုံးနေတာထက်စာရင် ကနေတာက ပိုပြီးအကျိုးရှိတယ်လို့ ဂျင်မီကိုကိုကလည်း သုံးသပ်ပါတယ်။ လူကြီးတွေ ဘာလို့ လက်မခံကြတာလဲဆိုတာတော့ သေသေချာချာမသိဘူး။ ဒီအကကို လေ့လာခြင်းအားဖြင့် လူငယ်တွေဟာ အချင်းချင်းစုစည်းမိကြမယ်။ မူးယစ်ဆေးလိုဟာမျိုးတွေ မသုံးဖြစ်တော့ဘူး။ မူးယစ်ဆေးသုံးရင် လည်းကလို့ရမှာမဟုတ်တော့ဘူးလေ။ ပြီးတော့ ခန္ဓာကိုယ်လှုပ်ရှားမှုအရ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။

ဘာလို့လူမြင်ကွင်းမှာကတာလဲ

မြန်မာနိုင်ငံက Street Dancer တွေကို တစ်ချို့က ဘာလို့ အကစတူဒီယိုတွေမှာ၊ ကိုယ့်အိမ်မှာ ကိုယ်မကပဲ လမ်းပေါ်မှာလာကနေတာလဲဆိုတဲ့မေးခွန်းမျိုးတွေ မေးတတ်ပါတယ်။ ပြီးတော့ သူတို့ရဲ့အကပညာနဲ့ဘဝကို ဘယ်လိုရပ်တည်နိုင်မှာလဲဆိုတဲ့ဝေဖန်မှုတွေလည်း ရှိပါတယ်။ Myanmar Street Dance Association က လူငယ်တွေဟာ သူတို့အက နိုင်ငံအတွင်း ပိုမိုပျ့ံနှံ့နိုင်ဖို့အတွက် လူမြင်ကွင်းတွေမှာ ကနေတာဖြစ်ပြီး လူငယ်တွေကိုလည်း လက်ဆင့်ကမ်းသင်ကြားမှုတွေလုပ်ပေးနေပါတယ်။

ကျွန်တော်တို့လူကြားထဲမှာကနေတာက ကျွန်တော်တို့အကကို ပရိုမိုးရှင်းလုပ်တဲ့သဘောပါ။ ကျွန်တော်တို့ ဘာတွေလုပ်နေတယ်။ လူငယ်တွေကို ဘယ်လိုလက်တွဲခေါ်နေတယ်ဆိုတာကို လူတွေကိုသိစေချင်တာပါ။ ကျွန်တော်တို့မှာ ကဖို့ Studio တွေလည်း ရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့ မျိုးဆက်သစ်တွေအတွက် ပြိုင်ပွဲတွေကိုလည်း အဆက်မပြတ်လုပ်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ လို့ ဂျင်မီကိုကိုကပြောပါတယ်။

Street Dancer လူငယ်တွေဟာ လူအများနဲ့သက်ဆိုင်တဲ့ ဧရိယာတွေမှာ ကနေကြတယ်ဆိုပေမယ့် မူးယစ်သောက်စားတာမျိုးတွေလုံးဝမလုပ်ပဲ ကပြီးသွားရင် နေရာကို ပြန်လည် ရှင်းလင်းတာမျိုးတွေလည်း လုပ်ပေးကြပါတယ်။ သူတို့ဟာ အကကို သူတို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်ထားကြပြီး တူညီတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတကာအဆင့်အထိ ထိုးဖောက်ဝင်ရောက်လိုတာပါ။

မြေနီကုန်းမှ LA သို့

မြေနီကုန်းခုံးတံတားအောက်မှာကနေကြပေမယ့် သူတို့အားလုံးရဲ့ပန်းတိုင်ကတော့ နိုင်ငံတကာ Street Dance Championship ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခွင့်ရဖို့ပါ။ အခုဆိုရင် မြန်မာနိုင်ငံမှာကျင်းပနေတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့ရင် နိုင်ငံတကာပြိုင်ပွဲတစ်ချို့ကို ဝင်ပြိုင်ခွင့်ရနေပါပြီ။ ဒါပေမယ့် ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်တဲ့ အရေအတွက်ကတော့ အရမ်းကိုနည်းလွန်းနေသေးပါတယ်။

မြန်မာလူငယ်တွေဟာ ကမ္ဘာပေါ်မှာ Street Dance အက ထွန်းကားတဲ့မြို့တွေဖြစ်တဲ့ ပဲရစ်၊ လော့စ်အင်ဂျလိစ် စတဲ့မြို့တွေအထိ မြန်မာဆိုတဲ့အလံအောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ မဆုတ်နစ်ကြိုးပမ်းနေသူတွေပါ။

ကျွန်တော်တို့က ကမ္ဘာ့အဆင့်ပွဲတွေဝင်ပြိုင်ချင်တယ်။ ချန်ပီယံဖြစ်တယ်၊ မဖြစ်ဘူးဆိုတာထက် ဒီမှာ မြန်မာအကသမားတွေ၊ ဟာ ဟိုမှာလည်း မြန်မာတွေ၊ ဒါက မြန်မာတွေပါလား ဆိုပြီး ဖြစ်စေချင်တယ်။ ကျွန်တော်တို့ရဲ့အဓိက ရည်မှန်းချက်ကတော့ ရှင်းပါတယ်။ နိုင်ငံတကာမှာ မြန်မာဆိုတဲ့အလံခြံုပြီး ပြိုင်ပွဲတွေ ဝင်ပြိုင်နိုင်ဖို့ပါ။ လို့ ဂျင်မီကိုကိုကပြောပါတယ်။

မြန်မာအကသမားတွေရဲ့အိပ်မက်ကတော့ သူတို့ကျင်လည်နေတဲ့ဝန်းကျင်နဲ့ယှဉ်ရင် မြင့်လွန်းနေတယ်လို့ ထင်ပါသလား။ သူတို့ကတော့ ဆုံးဖြတ်ချက်ခိုင်မာပြီး ရည်ရွယ်ထားတဲ့ ပန်းတိုင်ရောက်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးသားပါ။ မြေနီကုန်းကနေ USA ကို အရောက်သွားမယ့် မြန်မာအကသမားတွေရဲ့ အိပ်မက်က လက်တွေ့အကောင်အထည်ဖော်နိုင်မလားဆိုတာ………။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly