မြန်မာအမျိုးသမီးအသင်း တရုတ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲ သုံးပွဲခန့် ကစားရန် စီစဉ်

မြန်မာအမျိုးသမီးအသင်း တရုတ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲ သုံးပွဲခန့် ကစားရန် စီစဉ်
 အိုလံပစ်ခစစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း (ဓာတ်ပုံ-ရွှေဘုတ်)

ဇူလိုင် ၂၁၊ ရန်ကုန်။ ။ ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၆ နွေရာသီအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် တရုတ်နိုင်ငံသို့ ခြေစမ်းခရီးစဉ် သွားရောက်ကာ တရုတ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲ သုံးပွဲခန့် ကစားရန် စီစဉ်ထားသည် ဟု မြန်မာနိုင်ငံအမျိုးသမီးကော်မတီ ဥက္ကဌ ဒေါ်မြတ်မြတ်ဦးက မဇ္ဈိမသို့ ပြောသည်။

မြန်မာအမျိုးသမီးအသင်းသည် အဆိုပါ တရုတ်ခြေစမ်းခရီးကို လာမည့် စက်တင်ဘာလ ၁ ရက်မှ ၉ ရက်အထိ သွားရောက်ကာ ပူးပေါင်းလေ့ကျင့်မှုများ၊ တရုတ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲများယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး ယင်းခြေစမ်းခရီးစဉ်ပြီးနောက် မန္တလေးသို့ ပြိုင်ပွဲဝင်ရန် တိုက်ရိုက်သွားရောက်မည် ဖြစ်သည်။

 “ အမျိုးသမီးအသင်းပြိုင်ပွဲက မန္တလေးမှာ အိမ်ရှင်လုပ်ပြီး ကျင်းပမှာ ဖြစ်တဲ့အတွက် အရင်ဆုံး မန္တလေးမှာ သွားလေ့ကျင့်မယ်။ ပြီးရင် စက်တင်ဘာ ၁ ရက်ကနေ ၉ ရက်အထိ တရုတ်နိုင်ငံကို ခြေစမ်းခရီးစဉ်သွားမယ်။ ပူးပေါင်းလေ့ကျင့်မှုတွေရော သူတို့ဆီက ကလပ်အသင်းတွေနဲ့ ခြေစမ်းပွဲတွေပါ ကစားမယ်။ အနည်းဆုံး သုံးပွဲလောက် ကစားဖြစ်အောင် စီစဉ်ထားပါတယ်။  ပြိုင်ပွဲက ၁၄ ရက်စမှာဆိုတော့ ပြီးတာနဲ့ မန္တလေးကိုပဲ ပြန်ပြီးတော့တစ်ခါတည်း ပြိုင်ပွဲဝင်မှာပါ။ အသင်းမှာ ဒဏ်ရာရကစားသမားတွေရှိနေပေမယ့် နည်းပြနဲ့ တိုင်ပင်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်သွားမှာပါ ” ဟု ဒေါ်မြတ်မြတ်ဦးက ပြောသည်။

အမျိုးသမီးအိုလံပစ်ဒုတိယအဆင့်ခြေစစ်ပွဲများကို လာမည့် စက်တင်ဘာလ ၁၄ ရက်မှ စတင်ကာ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပသွားမည် ဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းက ဗီယက်နမ်၊ ဂျော်ဒန်၊ တရုတ်တိုင်ပေ၊ ထိုင်းအသင်းများနှင့် အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ အမှတ်အများဆုံး အသင်းတစ်သင်းသာ တတိယအဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly