ဆင်အကနဲ့ ကျော်ကြားလှတဲ့ မြို့ကျောက်ဆည်သို့ တစ်ခေါက် (အပိုင်း ၂)

31 December 2016
ဆင်အကနဲ့ ကျော်ကြားလှတဲ့ မြို့ကျောက်ဆည်သို့ တစ်ခေါက် (အပိုင်း ၂)
 

ကျောက်ဆည်မြို့မှာရှိတဲ့ လူတွေကလည်း သူတို့ဒေသအလိုက် သူတို့ယုံကြည်ရာကို နှစ်စဉ် နှစ်စဉ် ပြုလုပ်လာရာ နှစ်ပေါင်း အတော်ကို ကြာနေပါပြီ။ နောက်ပြီး ကိုငယ်လေးက ဘော်ကြယ်ဆင်အတွက် ဆင်ကျောအုပ် ဘော်ကြယ်ထိုးနေတဲ့ လုပ်ငန်းကိုလည်း လိုက်ပြီး ရှင်းပြပါသေးတယ်။

အခု ဆင်ကျောအုပ်က ဒီဇိုင်းတွေက အကိုကိုယ်တိုင်ဆွဲတာလား ဒါမှမဟုတ် လာအပ်တဲ့ Customer က ပေးတာကို ဆွဲပေးရတာလား။

“ဒီ ဒီဇိုင်းကတော့ ကျွန်တော်တို့ကိုယ်တိုင်ပဲ ဆွဲပေးရတာပါ။ ကျွန်တော်တို့လုပ်တဲ့ ရွှေအိုး ဆင်ချိုးလုပ်ငန်းက ထွက်တာမှန်သမျှ တစ်ခုနဲ့တစ်ခုကတော့ ဒီဇိုင်းမတူကြဘူး။ လာအပ်တဲ့ Customer တွေရဲ့ သူတို့ရဲ့ အနေအထားကို ကြည့်ပြီးတော့မှ ကိုယ်က အိုင်ဒီယာ သုံးပြီးတော့မှ ဘယ်လိုလူမျိုးလာရင် ဘယ်ဒီဇိုင်း သုံးပေးရမလဲ ဘယ်လိုမျိုးလေး သုံးပေးရမယ် ဘာကြောင့် သူတို့က ဆင်ကိုလာအပ်တယ် အဲဒါမျိုး လေ့လာပြီးတော့မှ သူတို့ရဲ့လိုအပ်ချက်ကို လှမ်းယူပြီးတောမှ သူတို့ရဲ့ လိုအပ်ချက်အတိုင်း ဆွဲပေးရတာပေါ့။ ”

ကိုငယ်လေးက သူတန်ဖိုးထားတဲ့ ဒီပညာရပ်ကို ကမ္ဘာကို ထိုးဖောက်ချင်တယ်လို့ ပြောပါတယ်။

 “ကျွန်တော်တို့ ဒီ မြန်မာ့လက်မှုပညာကို ကမ္ဘာကို ထိုးဖောက်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ကြတော့ စိတ်ကူးတာတော့ စိတ်ကူးတာပေါ့။ ဒါပေမယ့် တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ မထိုးဖောက်ချင်ဘူး။ ဒီကျောက်ဆည်မြို့ တစ်မြို့လုံးနဲ့ ဆိုင်ပြီးတော့ တစ်မြို့လုံး မြို့သူမြို့သားတွေနဲ့ အတူတူ လက်တွဲပြီး ထိုးဖောက်ဖို့ အစီအစဉ်တော့ ရှိပါတယ်။”

နောက်ပြီး အိမ့်မျက် သတိထားမိတာတစ်ခုက ဆင်ချိုးပညာရပ်အပါအဝင် မြန်မာ့လက်မှုပညာရပ်တွေကို တိုင်းတစ်ပါးက ယူသွားမှာကို ကို်ငယ်လေးတစ်ယောက် စိုးရိမ်နေတယ်လို့ ထင်ပါတယ်။ သူပြောသွားတဲ့ စကားတစ်ခွန်းကလည်း အားလုံး သတိထားသင့်တဲ့ အချက်တစ်ချက် ဖြစ်နေတယ်။

“ကျွန်တော်တို့ ဒီ မြန်မာမှု လက်မှုပညာလုပ်ငန်း အနုပညာလုပ်ငန်းတွေ အကုန်လုံး တစ်နိုင်ငံလုံးမှာ ခြံုငုံကြည့်မယ်ဆိုရင် အခြား ယဉ်ကျေးမှု အနုပညာလုပ်ငန်းတွေဆိုရင် တိုင်းတစ်ပါးကိုရောက်သွားတဲ့ လုပ်ငန်းတွေ အများကြီးရှိပါတယ်။ နောက်ဆုံး အထည်နဲ့ပတ်သက်မယ်ဆိုရင် ချိတ်ထမီလုပ်ငန်းတို့ ဒါတွေဆိုရင် တိုင်းတစ်ပါးကနေပြီးတော့ စက်တွေနဲ့ ဝင်လာကုန်ပြီ။ သူတို့က လက်မှုနဲ့တိုးမယ်ဆိုရင် ဘယ်လိုမှ ယှဉ်ပြိုင်လို့မရတဲ့ အနေအထားတွေ ဖြစ်နေပြီ။ စက်တွေဝင်လာတဲ့အတွက်ကြောင့်မို့ အဲဒီအခါကျလို့ရှိရင် ဘာဖြစ်လာလဲဆိုတော့ ကိုယ့်နိုင်ငံကလုပ်တဲ့ လက်မှုလုပ်ငန်းကို သူတို့နိုင်ငံကနေပြီးတော့ ကူးသွားတဲ့အခါကျတော့ ကိုယ့်နိုင်ငံမှာကျတော့ တော်တော်လေးကို အခက်အခဲနဲ့ ကျန်နေခဲ့တာ။ အခု ကျွန်တော်တို့ဆိုရင်လည်း ဆင်ချိုးလုပ်ငန်းပေါ့ ကမ္ဘာက   တော်တော်များများက မသိကြသေးလို့ သိသွားလို့များ ဒီဆင်ချိုးလုပ်ငန်းကို သူတို့က လာလေ့လာပြီးတော့ ယူသွားလိုက်မယ်ဆိုရင် ဒီပညာရပ်က ကျွန်တော်တို့ဆီက ပညာရပ်က သူတို့ဆီကို ရောက်သွားရင် သူတို့က မှတ်ပုံတင်ထားပြီး မူပိုင်ခွင့်နဲ့ သွားတော့မှာ ကျွန်တော်တို့ကျလို့ရှိရင် ကျွန်တော်တို့ကပဲ ကူးယူသလိုလို အဲလိုတွေဖြစ်တော့မှာပါ နောက်ပိုင်းကျရင် အခြား လက်မှုလုပ်ငန်းတွေဆိုရင် တော်တော်များများ တိုင်းတစ်ပါးကိုရောက်သွားတဲ့ လက်မှုလုပ်ငန်းတွေ အများကြီးပဲ ရှိတယ်။ အဲတော့ ကျွန်တော်တို့ ဒီ ကျောက်ဆည်မြို့ရဲ့ အနုပညာ ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ဆင်ချိုး ဆင်အကပညာ ဒီလုပ်ငနး်တွေအကုန်လုံးကို နိုင်ငံတော်အနေနဲ့ အသိအမှတ်ပြုပြီးတော့ တရားဝင် မှတ်ပုံတင်တာမျိုးတို့ ဒါမှမဟုတ်ရင် ကမ္ဘာကသိအောင် မှတ်ပုံတင်ထားတာမျိုး ဒါမျိုးတွေ လုပ်သင့်တယ်။ ဒါ ကိုယ့်ရဲ့ တွက်မယ်ဆိုလို့ရှိရင် မြန်မာ့ရဲ့ အမွေအနှစ်တွေပဲ။”

ဟုတ်ပါတယ် ကိုငယ်လေး ပြောသွားသလိုပါပဲ ဒီ ဆင်ချိုးပညာရပ်ဆိုတာ မြန်မာလက်မှုပညာရပ် စစ်စစ်ပဲ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ တန်ဖိုးထားရမယ့် ပညာရပ်ဆိုတာ မမေ့ကြဖို့ လိုပါတယ်။ ဒီ ဆင်ချိုးပညာရပ်ကို နိုင်ငံတော်အဆင့်အနေနဲ့ တာဝန်ရှိတဲ့လူတွေက ဝင်ရောက် ကူညီပေးမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ စဉ်းစားမိပါတယ်။

သီတင်းကျွတ်ရောက်ပြီဆိုတာနဲ့ မြန်မာပြည်ရဲ့အလယ်ပိုင်း ကျောက်ဆည်မြို့မှာ ဆင်ပွဲ ကျင်းပလေ့ရှိပါတယ်။ ကျောက်ဆည်ဆင်ပွဲဆိုတာ မြန်မာနိုင်ငံမှာ နာမည်ကြီးပြီး ထင်ရှား ကျော်ကြားလှတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ နောက်ပြီး ဒီ ကျောက်ဆည်ဆင်ပွဲဆိုတာ မြန်မာနိုင်ငံမှာ ကျောက်ဆည်မြို့ တစ်မြို့တည်းမှာပဲ ထူးထူးခြားခြား ရှိနေတာပါ။ ကျောက်ဆည်ဆင်ပွဲက နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နဲ့ သီတင်းကျွတ်လပြည့်နေ့တွေမှာ ကျင်းပကြတာပဲ ဖြစ်ပါတယ်။ ဝါးတို့ စက္ကူတို့နဲ့ ချိုးထားတဲ့ ဆင်ရုပ်ကြီးအတွင်းမှာ လူနှစ်ယောက်ဝင်ပြီး ဘေးကတီးဝိုင်းနဲ့ လှည့်ကြတဲ့ ဆင်အကတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို ဆင်ရုပ်ထဲ လူဝင်ကလို့ရတဲ့ ပွဲကို ကျင်းပကြတာကတော နှစ်ပေါင်း ရ၀ လောက် ရှိပြီလို့ ခန့်မှန်းကြပါတယ်။ အရင်ကတော့ ဆင်ရုပ်ပုံ မုန့်တွေနဲ့ ဘုရားဆွမ်းတော်ကပ်ပြီး ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ အခုတော့ ဒီလိုနာမည်ကြီးပြီး စည်ကားတဲ့ ကျောက်ဆည်ဆင်ပွဲကို ကျင်းပဖို့ ကျောက်ဆည်က ဆင်အကအဖွဲ့တွေ ဘယ်လိုတွေ ကြိုတင်ပြင်ဆင်နေသလဲ ပြိုင်ပွဲဝင်ဖို့အတွက် ဘယ်လိုတွေ လေးကျင့်နေကြသလဲဆိုတာကို Tasty Trip အဖွဲ့သားတွေက ဆင်ကမယ့် အဖွဲ့သားတွေဆီကို သွားရောက် ရိုက်ကူးခဲ့ပါတယ်။

သီတင်းကျွတ်ပွဲတော်ရက် နီးပြီဆိုတော့ ဆင်အဖွဲ့တွေ ကကွက်တွေ လေ့ကျင့်နေကြပါပြီ။

ဒီအကတွေကတော့ နှစ်ကိုယ့်တစ်စိတ်ပဲလေ။ လူနှစ်ယောက်ဝင်တဲ့အချိန်မှာ စိတ်က တစ်စိတ်ထဲပဲ ထားရတာလေ။ ဒါမှလည်း သူတို့ကတာက ညီမှာလေ။

ဆင်အက ကကွတ်တွေက အင်မတန်မှ ခက်ခဲပါတယ်။ ယိုးဒယား၊ ပန်းကောက်၊ နှစ်ချက်စီး၊ သုံးချက်စီး၊ စတဲ့ကကွတ်တွေအပြင် ရိုးရာ ဆင်ကကွက်တွေဖြစ်တဲ့ အယိုင်အကဆိုတာလည်း ရှိပါတယ်။ ပြိုင်ပွဲဝင်ပြီဆိုတာနဲ့ ဒီအကက မဖြစ်မနေ ပြိုင်ရတယ်။

အပိုင်း (၁ ) ကိုအောက်ပါလင့်တွင် ၀င်ရောက်ဖတ်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/21576

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly