လာမည့်ရာသီပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်ရရှိနိုင်ဟု အမှုဆောင်ချုပ် ဂါဇီဒစ်ပြော

လာမည့်ရာသီပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်ရရှိနိုင်ဟု အမှုဆောင်ချုပ် ဂါဇီဒစ်ပြော
ဘာကလေပရီးမီးယားလိဂ်အာရှဖလား ရရှိခဲ့သည့် အာဆင်နယ်အသင်း။

ဇူလိုင် ၂၁၊ လန်ဒန်။ ။ လာမည့်ရာသီသစ် ပရီးမီးယားလိဂ်ဆုဖလားကို အာဆင်နယ်ရယူနိုင်စွမ်းရှိသည်ဟု အသင်းအမှုဆောင်ချုပ် အိုင်ဗန်ဂါဇီဒစ်က ပြောဆိုလိုက်သည်။ အာဆင်နယ်အသင်းသည် အဲဗာတန်ကို ၃-၁ ဖြင့်အနိုင်ယူပြီး ဘာကလေအာရှဖလားရရှိပြီးနောက် အောင်မြင်သည့်ခြေစမ်းခရီးမှ လန်ဒန်သို့ ပြန်ရောက်လာပြီဖြစ်သည်။

အာစင်ဝင်းဂါး၏အာဆင်နယ်အသင်းမှာ ယခုတစ်ပတ်တွင် အမ်းမရိတ်စ်ဖလားကို လက်ခံကျင်းပမည်ဖြစ်ပြီး လိုင်ယွန်၊ ဝုဖ်ဘတ်တို့နှင့် ကစားရ မည်ဖြစ်သည်။ ယင်းနောက် သြဂုတ် ၂ တွင် ချယ်လ်ဆီးအသင်းနှင့် ကွန်မြူနတီဖလားပြိုင်ပွဲ ကစားမည်ဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ အမြဲတမ်း ပြိုင်ဘက်တွေထက်ပိုကောင်းအောင်လုပ်ကိုင်နေရတာက စိန်ခေါ်မှုတစ်ခုပါပဲ။ ဒါပေမဲ့ ပရီးမီးယားလိဂ်ဖလားကို ကျွန်တော်တို့ရနိုင်တယ် ဆိုတာရယ်၊ လာမည့်နှစ်အနည်းငယ်အတွင်းမှာ အဓိကဆုဖလားတွေရယူနိုင်တယ်ဆိုတာရယ်ကို အမှန်တကယ် ယုံကြည်မှုရှိပါတယ်"ဟု ဂါဇီဒစ်က Fox Sports Asia သို့ပြောသည်။

နည်းပြအာစင်ဝင်းဂါးသည် လာမည့်ရာသီတွင် အာဆင်နယ်အသင်းကို နှစ် ၂၀ မြောက်အဖြစ် ကိုင်တွယ်မည်ဖြစ်သည်။ အသက် ၆၅ နှစ်ရှိ အာစင်ဝင်းဂါးအနေဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး ဆုဖလားလက်မဲ့ဖြစ်နေမှုကို အက်ဖ်အေဖလားနှစ်နှစ်ဆက်ရယူကာ ချေဖျက်နိုင်ခဲ့ပြီးနောက် အောင်မြင်မှုများထပ်မံရယူပေးနိုင်လိမ့်ဦးမည်ဟုလည်း ဂါဇီဒစ်က ယုံကြည်နေသည်။

အာဆင်နယ်အသင်းသည် လက်ရှိတွင်ချယ်လ်ဆီးဂိုးသမား ပီတာချက်ကိုခေါ်ယူအားဖြည့်ထားပြီး အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကစားသမားအင်အားထပ်မံဖြည့်တင်းရန် နည်းပြအာစင်ဝင်းဂါးက ဆန္ဒရှိနေသည်။ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘင်ဇီမာနှင့် ဒေါ့တ်မွန်တိုက်စစ်မှူး အူဘာမီယန်းတို့ကို ပစ်မှတ်ထားနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly