မောရဝတီအသင်း၊ Horizon အသင်းနှင့် GFA အသင်းတို့ ဂိုးပြတ် နိုင်ပွဲများ ရရှိ

မောရဝတီအသင်း၊ Horizon အသင်းနှင့် GFA အသင်းတို့ ဂိုးပြတ် နိုင်ပွဲများ ရရှိ
ဗိုလ်ချုပ်အောင်ဆန်းဒိုင်းတွင် မနောမြေအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော ဆောက်သမ်းအသင်း။  (ဓာတ်ပုံ - MFF)

ဇူလိုင် ၂၁၊ ရန်ကုန်။ ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၂ တွင် ပွဲစဉ်ငါးပွဲစလုံး အနိုင်၊ အရှုံး အဖြေပေါ်ခဲ့ပြီး မောရဝတီအသင်း၊ Horizon အသင်းနှင့် GFA အသင်းတို့မှာ ဂိုးပြတ် အနိုင်ရရှိခဲ့ကြသည်။

ပွဲစဉ် ၁၂ တွင် မောရဝတီအသင်းက ဖုန်ဂန်အသင်းကို ၉-၀ ဂိုး၊ မြဝတီအသင်းက တက္ကသိုလ်လက်ရွေးစင်အသင်းကို ၂-၀ ဂိုး၊ Horizon အသင်းက ငွေကြယ်ပွင့်အသင်းကို ၉-၁ ဂိုး၊ GFA အသင်းက ဒဂုံအက်ဖ်စီအသင်းကို ၅-၀ ဂိုးနှင့် ဆောက်သမ်းအသင်းက Best United အသင်းကို ၁-၀ ဂိုးတို့ဖြင့် အနိုင်ရခဲ့ကြသည်။

နေရှင်နယ်လိဂ်-၂ ဒုတိယအကျော့ အမှတ်ပေး ဘောလုံးပြိုင်ပွဲအပြီးတွင် ဆောက်သမ်းအသင်းက ၁၀ ပွဲနိုင်၊ နှစ်ပွဲ သရေ ရှုံးပွဲမရှိ ရမှတ် ၃၂ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေပြီး အဆင့် ၂ နေရာတွင် GFA အသင်းက ရှစ်ပွဲ နိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး ရမှတ် ၂၆ မှတ်ဖြင့် ရပ်တည်နေသည်။ အမှတ်ပေးဇယား အဆင့် ၃၊ ၄ နေရာများတွင် Horizon အသင်းနှင့် မောရဝတီအသင်းက ရမှတ် ၂၂ မှတ်စီဖြင့် ရပ်တည်နေပြီး အဆင့် ၅ နေရာတွင် ဒဂုံအက်ဖ်စီအသင်းက ၁၉ မှတ်ဖြင့် ရပ်တည်နေသည်။

ဆောက်သမ်းအသင်းနှင့် GFA အသင်းတို့မှာ ၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီအကုန်တွင် လိဂ်-၂ သို့ တန်းဆင်းလာသော နေရှင်နယ်လိဂ်-၁ အသင်းများဖြစ်ကြပြီး လက်ရှိအချိန်တွင်လည်း အဆိုပါနေရှင်နယ်လိဂ်ကလပ်အသင်းဟောင်း နှစ်သင်းသာ အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ ၂၀၁၅ နေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဆောက်သမ်းအသင်းက ချန်ပီယံဖြစ်ရန် ရေပန်းအစားအဆုံးဖြစ်နေပြီး လက်ကျန်တန်းတက်ခွင့်တစ်နေရာအတွက် GFA အသင်း၊ Horizon အသင်း၊ မောရဝတီအသင်း၊ ဒဂုံအက်ဖ်စီအသင်းနှင့် မြဝတီအသင်းတို့ အပြိုင်အဆိုင်ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly