တိုင်းရင်းသား ခေါင်းဆောင်များနှင့် အမျိုးသမီးအဖွဲ့များ၏ နှစ်သစ်ဆုတောင်း စကားများ

တိုင်းရင်းသား ခေါင်းဆောင်များနှင့် အမျိုးသမီးအဖွဲ့များ၏ နှစ်သစ်ဆုတောင်း စကားများ

ဒီဇင်ဘာလ ၂၉ ရက်၊၂၀၁၆ ခုနှစ်။ ချင်းမိုင်(မဇ္စျိမ)။         ။ လာမည့် ၂၀၁၇ ခုနှစ်အတွက် တိုက်ပွဲများ ရပ်တန့်၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ အားလုံးပါဝင်ရေးနှင့်   နိုင်ငံရေး   ပြဿနာကို   နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အပါအဝင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု ရရှိပါစေကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် အမျိုးသမီးများ၏ နှစ်သစ်ဆုတောင်းစကားများကို မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့သည်။

 နိုင်ဟံသာ ဒုဥက္ကဌ (မွန်ပြည်သစ်ပါတီ-MNSP)

အမှန်က ၂၀၁၅ ခုနှစ်ကနေစပြီးတော့ တစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့ ညီလာခံကြီးကို ခေါ်လာတယ်။ အဲဒါတွေ ဖြစ်လာတဲ့နောက်ပိုင်းမှာ အမှန်က ကျွန်တော်တို့နိုင်ငံကတော့ ငြိမ်းချမ်းရေးအတွက် လမ်းပွင့်လာပြီလားလို့ အားလုံးက မျော်လင့်နေကြတယ်။ ဒါပေမယ့် လက်တွေ့မှာ တိုက်ပွဲတွေက ပြင်းထန်နေတယ်။ ဒါကတော့ မကောင်းဘူး။ ဒီလို တိုက်ပွဲတွေ ပြင်းထန်နေရင် တိုင်းရင်းသား လူမျိုးစုံတွေ ဥပမာ စစ်ဖြစ်နေတဲ့ဒေသမှာလည်း အိုင်ဒီပီတွေ အများကြီး ဒုက္ခရောက်တယ်။ စစ် မဖြစ်တဲ့ဒေသမှာလည်း ဆင်းရဲသွားမယ်။ အဲဒါကို အဓိကအားဖြင့်က ကျွန်တော်တို့ နိုင်ငံက စစ်ရေးနည်းနဲ့ ဖြေရှင်းလို့တော့ မပြီးဘူး ဆိုတဲ့ဟာကတော့ အားလုံးသိပြီးသားပဲ ဖြစ်တယ်။ အခု စစ်ရေးနည်းနဲ့ ဖြေရှင်းလာတာ နှစ်ပေါင်း ရ၀ နီးပါး ဖြစ်နေပြီ မပြေလည်နိုင်ဘူး။ ပိုပြီးမှတောင် ပြင်းထန်လာတယ်။ ဘာကြောင့် တစ်နိုင်ငံတည်းမှာနေတဲ့ တိုင်းရင်းသားအချင်းချင်း ဘာကြောင့် ပဋိပက္ခတွေ ဖြစ်နေလဲ။ ဒါကတော့ နိုင်ငံရေး ပြဿနာ ဖြစ်တယ်။

ဒီနိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှသာ ပြေလည်နိုင်မယ်။ အေးချမ်းနိုင်မယ်။ အဲတော့ တပ်မတော်ဘက်က၊ တိုင်းရင်းသားတွေ ဘက်ကရော အားလုံးသဘောထားကြီးကြီးနဲ့ မိမိတို့ ပြည်သူတွေ ဒုက္ခအပေါင်းက လွတ်မြောက်ပြီးတော့၊ သူတို့ ဘဝကောင်းမွန်လာရေးနဲ့ နိုင်ငံ အနာဂတ်မှာ တိုးတက်ကောင်းမွန်လာရေး၊ မြေးမြစ်လက်ထက်မှာ သူတို့ စိတ်ချမ်းချမ်းသားသာနဲ့ အဆင့်အတန်းမီမီ နေနိုင်ရေးအတွက်ကို သဘောထားကြီးကြီးနဲ့ ငြိမ်းချမ်းရေး အမြန်ရအောင် နိုင်ငံရေးဆွေးနွေးပွဲကို ဦးစားပေးပြီးတော့ နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်ဖို့ကို ကြိုးပမ်းကြပါလို့ အားလုံးကို တိုက်တွန်းချင်တယ်။

 လာမယ့် ၂၀၁၇ မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေ မျော်လင့်သလို၊ နိုင်ငံတကာကလည်း ဝိုင်းဝန်းအားပေးနေသလို၊ ကျွန်တော်တို့ုိ့ နိုင်ငံ အမြန်အေးချမ်းပြီးတော့ တိုးတက်ကောင်းမွန်လာအောင် ဖြစ်နိုင်ပါစေလို့ ကျွန်တော်ကတော့ ဆုတောင်းပါတယ်။

 ခူဦးရယ် ဒုဥက္ကဌ (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP)

 နှစ်သစ်မှာ ဆုတောင်းချင်တဲ့အရာ ၂ ပိုင်းခွဲပြီး မေတ္တာပို့ ဆုတောင်းရင်းနဲ့ အသိပေးလိုပါတယ်။ တစ်ခုက တစ်မ္ဘာလုံးမှာရှိတဲ့ လူသားတွေ၊ တိရိစ္ဆာန်အားလုံး ကျန်းမာကျန်းသာဖို့အတွက် အထူးသဖြင့် ပဋိပက္ခကနေ ကင်းကွာပြီးတော့ ငြိမ်းချမ်းသာယာတဲ့ကမ္ဘာကြီးမှာ ညီအစ်အရင်းသဖွယ် အတူတကွ ယှဉ်တွဲနေထိုင်ဖို့ ကျွန်တော် အရမ်းကို မျှော်လင့်ပါတယ်။ အလုံးစုံငြိမ်းချမ်းမယ်လို့ ကျွန်တော်တို့ မျှော်လင့်တာဟာ လက်တွေ့မကျပေမယ့်လို့ မျှော်လင့်ထိုက်တဲ့အရာလို့ ထင်ပါတယ်။ လူတိုင်းမျှော်လင့်ကြမယ်လို့ မျှော်လင့်ပါတယ်။

 နောက်တစ်ခုကတော့ မြန်မာပြည်မှာရှိတဲ့ ညီအစ်ကို တိုင်းရင်းသားအားလုံး၊ နိုင်ငံသားအားလုံးအတွက် ကျွန်တော်တို့ မြန်မာပြည်ကြီးဟာ လွတ်လပ်ရေးရတာလည်း နှစ်ပေါင်း ရ၀ နီးပါး တိုက်နေပြီ။ လွတ်လပ်ရေးရတယ်လို့တာ စကားအဖြစ် ပြောလို့ ရတာပါ။ လူတိုင်းလွတ်လပ်ရေးရပြီဆိုရင် အားလုံး ပျော်မျူးကြမယ့် ဓမ္မတာတော့ နိုင်ငံသားတိုင်းမှာရှိတယ်။ ကျွန်တော်တို့လည်း ဒီလိုဘဝနဲ့ ရှင်သန်ချင်ပါတယ်။ သို့သော် လွတ်လပ်ရေးနဲ့အတူ လွတ်လပ်ရေးကို မခံစားရဘဲနဲ့ ကျွန်တော််တို့ အချင်းချင်း ခိုက်ရန်ဖြစ်ပွားဖြစ်တော့ ကနေ့ထိ သေကြ၊ ပြေးလွားကြ၊ ပျက်စီးကြ၊ ဆင်းရဲ ဒုက္ခအဖုံဖုံနဲ့ ရေတွက်မရလောက်တဲ့ အနေအထားမျိုးနဲ့ရင်ဆိုင်ရတာ ကနေ့တိုင်ပါဘဲ။ အခုအချိန်မှာ နိုင်ငံသူ၊ နိုင်ငံသားတစ်ရပ်လုံးကတော့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်၊ ငြိမ်းချမ်းရေးရဲ့ အရသာကိုတော့ ခံစားထိုက်ပြီလို့ ကျွန်တော်ကတော့ တထစ်ချယုံကြည်တယ်။ ဒါကြောင့်မလို့ ကျွန်တော့အနေနဲ့

သက်ဆိုင်ရာအဖွဲ့အစည်းအနေနဲ့ ပြောပြော၊ လူပုဂ္ဂိုလ်အနေနဲ့ပဲဲ ပြောပြော ကျွန်တော်ကတော့ လူတိုင်း ငြိမ်းချမ်းရေး ရယူဖို့ တည်ဆောက်ကြဖို့ လိုတယ်။

 ပဋိပက္ခ ဖြစ်နေတဲ့လူတွေကလည်း အကြောင်းမဲ့ ဖြစ်နေကြတယ်လို့တော့ ပြောလို့မရပါဘူး။ အဓိကတော့ စိတ်ဓါတ်၊ စိတ်ထားလို့ မြင်တယ်။ စိတ်ထဲမှာ ငြိမ်းချမ်းမှုကို အမှန်တကယ်လို ချင်ရင် နိုင်ငံသားတစ်ဦးချင်းစီအနေနဲ့ လုပ်သင့့်တဲ့အရာက ကျွန်တော်တို့ ကိုယ်စီရှိတဲ့ စိတ်ထားကို ပထမ ပြောင်းလဲဖို့လိုတယ်လို့ ထင်တယ်။ ဒုတိယက အမူအကျင့်က သင့်တော်နေရဲ့လား၊ ကောင်းမွန်နေရဲ့လား။ စိတ်ထား၊ အမူအကျင့်ကို တစ်ဦးချင်း ပြင်ရင် ငြိမ်းချမ်းရေးက ပြေးမလွှတ်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျွန်တော်ပြောလိုတာက ငြိမ်းချမ်းရေးဆိုတာ တောင်းလို့ရလာမယ့်အရာ မဟုတ်သလို၊ ပေးရင်လည်း ယူလို့ရနိုင်တဲ့အရာ မဟုတ်ပါဘူး။ တည်ဆောက်လို့ ရလာမယ့်အရာသာ ဖြစ်တယ်။ အဲတော့ ဘယ်လို တည်ဆောက်မလဲ။ အတူတကွ တည်ဆောက်မှရမှာ အတူတကွ တည်ဆောက်နိုင်ဖို့ ခုနကျွန်တော် ပြောတဲ့ မှန်ကန်တဲ့ စိတ်ထား၊ အမူအကျင့်တွေကို ကျင့်ကြံဖို့ လိုတယ်။ ရှိခဲ့သမျှ အရာတွေကို နှစ်သစ်မကူးခင်မှာ နှစ်ဟောင်းက ကာလမှ ဖြစ်ခဲ့သမျှဟာတွေကို၊ ကောင်းတာကို နှစ်သစ်မှာ ဆက်ပြီးတော့ သယ်ဆောင်သွား၊ မှားယွင်းပြီးတော့ ပျက်စီးပြီးတော့ အကျိုးယုတ်နေတဲ့ မကောင်းတာ မှန်သမျှကိုတော့ နှစ်ဟောင်းမှာ ထိန်ချန်ထားပြီးတော့ နှစ်သစ်မှာ မှန်ကန်တဲ့ အသိနဲ့ မှန်ကန်တဲ့ ကျင့်ကြံမှုနဲ့ ပြောင်းလဲကျင့်ကြံ တည်ဆောက်သွားဖို့ လိုအပ်တယ်လို့ ကျွန်တော် မြင်တယ်။ အဲဒီလို နိုင်ငံသားတိုင်း တစ်ဦးချင်းစီမှာ အဲဒီလို အသိအမြင်တွေနဲ့ သွားနိုင်ကြပါစေလို့ ကျွန်တော်တို့ကတော့ မေတ္တာဆုတောင်းပေးပါတယ်။ ကျွန်တော် အဲဒီလိုလည်း မြင်ချင်ပါတယ်ဆိုတာကိုတော့ ကျွန်တော် အသိပေးလိုပါတယ်။

 ဒေါက်တာခင်မောင် ဥက္ကဌ (ရခိုင်အမျိုးသားကောင်စီ -ANC)

 နှစ်သစ်မှာ အထူးသဖြင့် ကျွန်တော်တို့ ရခိုင်ပြည်ဘက်ဆိုလို့ ရှိရင် ရိုဟင်ဂျာ Issue က အင်မတန်မှ ထိပ်တန်းရောက်နေတယ်။ အရေးကြီးတဲ့ဟာလည်း ဖြစ်တယ်။ ရခိုင်ပြည်အတွက်လည်း အဆုံးအဖြတ်ဖြစ်တယ်။ အဆုံးအဖြတ် ဖြစ်မယ်နော် အဲဒါ၊ အဲဒါကြောင့် အဲဒါကို ကောင်းမွန်တဲ့ ရလဒ်တွေ ရအောင် တရားဥပဒေ စိုးမိုးရေးကို အတိအကျ အကောင်အထည်ဖော်ပါလို့ ကျွန်တော်် မေတ္တာပို့ပါတယ်။ တိုက်တွန်းပါတယ်။

 ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့တော့ တရားမျှမျှတတနဲ့ မှန်မှန်ကန်ကန် စေတနာ မှန်မှန်နဲ့ ယုံယုံကြည်ကြည် တစ်ဖွဲ့ကို တစ်ဖွဲ့၊ ယုံကြည်မှုနဲ့ အကောင်အထည်ဖော်ဖို့ အရေးကြီးပါတယ်လို့၊ တကယ့်စေတနာအရင်းက ငြိမ်းချမ်းရေးကို ဖြစ်စေချင်တဲ့ စေတနာ ရှိကြပါစေလို့ ကျွန်တော်် ဆုတောင်းပါတယ်။ ၂၀၁၇ မှာ ဘာတွေ ဖြစ်ချင်လဲဆိုလို့ရှိရင် အခုကျွန်တော််တို့ ကြိုးစားနေတဲ့ NCA ကိစ္စနဲ့ နောက် လက်မှတ်မထိုးသေးတဲ့ ကျွန်တော်တို့အဖွဲ့တွေဟာ အေးအေးချမ်းချမ်းနဲ့ NCA ကိုလည်း ပုံမှန် NCA ဖြစ်အောင် လုပ်ပြီးတော့ UNFC က လက်ခံနိုင်တဲ့ မူလမ်းစဉ်လည်း ဖြစ်ဖို့ လိုတယ်။ အဲဒါကြောင့် အားလုံးပါဝင်တဲ့ လက်မှတ်ထိုးမှုကို ၂၀၁၇ ခုနှစ်မှာ ဖြစ်စေချင်ပါတယ်။

 ဒူဝါ ဘောမ်ဝမ်လရော် ဥက္ကဌ (ကချင်အမျိုးသားအစည်းအံုး-KNO)

 မင်္ဂလာပါ။ ၂၀၁၇ ခုနှစ် နှစ်သစ်မှာတော့ ကျွန်တော်တို့ မြန်မာပြည်မှာရှိတဲ့ ပြည်သူလူထုအားလုံး၊ မြန်မာပြည်ကို အုပ်ချုပ်နေသူ အားလုံးက စိတ်သစ် ကိုယ်သစ်နဲ့ ပေါ်လစီအသစ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ သွားဖို့ ဆန္ဒပြုလိုက်ပါတယ်။ အစိုးရကလည်း ဒီနှစ်သစ် ရောက်လို့ရှိရင်တော့ မြန်မာပြည်က ပြည်သူလူထုအားလုံးရဲ့ အသက်လုံခြံုရေး၊ တောင်တန်းဒေသ၊ မြေပြန့်မခွဲ အားလုံးရဲ့ လုံခြံုမှုကို ပိုပြီတော့ယူနိုင်တဲ့ အစိုးရ ဖြစ်ပါစေ။ တပ်မတော်ဘက်ကလည်း ပြည်သူလူထုကို ကိုယ့်သားသမီးလို သဘောထားပြီးတော့ အသက်လုံခြံုမှုကိုပဲ ပေးတဲ့ တပ်မတော် ဖြစ်အောင် ကြိုးစားဖို့ လိုတယ်။ ရှေ့ဆက်ပြီးတော့ လုပ်ဖို့ ဆန္ဒပြုပါတယ်။

 နောက် ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေကလည်းပဲ စစ်တိုက်ပြီးတော့ ပြည်သူ လူထုကြား ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ပစ်ခတ်တိုက်ခိုက်တဲ့ပုံစံ မဟုတ်ဘဲနဲ့ ပြည်သူလူထုအားလုံးရဲ့ ငြိမ်းချမ်းမှု၊ အသက်လုံခြံုမှုကို ဝိုင်းပြီးတော့ ထားကြပါစို့လို့ ပြောချင်တယ်။ အဲဒါကြောင့်မို့လို့ နှစ်သစ်ကူးသာမည ရောက်တဲ့အခါကြလို့ ရှိရင် မြန်မာပြည်နဲ့ တိုက်ဆိုင်တဲ့ ခေါင်းဆောင်တွေ အားလုံးက စိတ်သစ်ကိုယ်သစ်နဲ့ လူထုရဲ့ လုံခြံုမှု၊ အေးချမ်းမှု၊ သာယာမှုကို အားလုံး ဆောင်ကြရအောင်လို့ ပြောချင်ပါတယ်။ အဖြစ်ချင်ဆုံးက မြန်မာပြည်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်လုံခြံုမှု ရှိပြီးတော့ သာယာအေးချမ်းမှုကို ရစေချင်တယ်။

 ဗိုလ်မှူးကြီး ဆော်လမွန် ဒုဥက္ကဌ (လားဟူဒီမိုကရက်တသစ်အဖွဲ့အစည်း-LDU)

 ၂၀၁၇ ခုနှစ်မှာ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တိုင်းရင်းသားအားလုံး အေးချမ်းသာယာပြီးမှ ပြည်တွင်း ငြိမ်းချမ်းရေးကို ကျွန်တော်် ဖြစ်စေချင်တယ်။ ကျွန်တော်တို့လည်း ဆုတောင်းတာပါပဲ။ နှစ်သစ်မှာ မြန်မာနိုင်ငံက ပြည်သူတွေ တန်းတူညီမျှ အခွင့်အရေးအတွက် လက်ရှိ အစိုးရ၊ စစ်တပ်လည်း အားလုံး ညီညီမျှမျှ ပေါ့နော်။ တိုင်းပြည်ကို အေးအေးချမ်းချမ်း သာယာအောင် အုပ်ချုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ ဆုတောင်း မေတ္တာပို့သနေပါတယ်။

 ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တိုင်းရင်းသားအားလုံး ပါဝင်ရေးမူကိုတော့ အစိုးရက ကိုင်သင့်တယ်။ စစ်တပ်ကလည်း တိုင်းရင်းသားတွေအပေါ် စစ်ရေးနဲ့ အနိုင်မကျင့်သင့်ဘူး။ စစ်တပ်ကလည်း တိုင်းရင်းသားတွေကို ပြေပြေလည်လည်၊ လျော့သင့်ရင် လျော့ပေါ့။ အာဏာရှင်စနစ်တော့ သိပ်လက်မခံချင်ဘူး။ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံး ငြိမ်းချမ်းသာယာပြီးမှ ကိုယ့်ရဲ့ လူမျိုး ကိုယ့်ရဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ လိုအပ်တယ်လို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

နော်စီဖိုးရာစိန် ဒုဥက္ကဌ (ကရင်အမျိုးသမီးအစည်းအံုး-KNU)

ကျွန်မတို့ ဒီ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးကာလမှာ ကျွန်မတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ တော်လှန်ရေး အဖွဲ့အစည်းတွေ၊ မြန်မာပြည် ပြည်သူလူထု အားလုံးရဲ့ မျော်မှန်းနေတဲ့ မြန်မာပြည် ပြုပြင်ပြောင်းလဲမှု တစ်ခုရရှိဖို့အတွက် ဖြစ်စေချင်ပါတယ်။ အခု ငြိမ်းချမ်းရေး ရရှိဖို့ အများကြီး ကြိုးစားရဖို့ ရှိနေတယ်။ လောလောဆယ် အခြေအနေက ငြိမ်းချမ်းရေး သွားနေရင်းနဲ့ တိုက်ပွဲက ဖြစ်နေတော့ ငြိမ်းချမ်းရေးက အဝေးကြီး ရှိသေးတယ်ပေါ့လေ။ အဲဒါကြောင့် ဆက်လက်သွားရမှာ အဝေးကြီး ရှိသေးတယ်။

 မဂျူလီယာမရစ် အထွေထွေအတွင်းရေးမှူး (အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB

 လာမဲ့ ၂၀၁၇ မှာ နှစ်သစ်မှာ ကျွန်မတို့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ယူဆောင်လာပေးမယ်လို့ ကျွန်မတို့ မျော်လင့်ပါတယ်။ ဒီထဲမှာ ကျွန်မတို့ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် မြန်မာနိုင်ငံမှာ စစ်ဖြစ်ပွားနေတာတွေ အားလုံး ရပ်တန့်ပြီးတော့မှ ကျွန်မတို့ မျော်လင့်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ အနာဂတ် ၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် သွားနိုင်မဲ့ လမ်းစတွေ လုပ်ဆောင်သွားနိုင်မှုတွေ၊ အခွင့်အလမ်းတွေ ပေါ်ထွန်းလာ နိုင်မယ်လို့ မျော်လင့်ပါတယ်။ ဒီလို ယူဆောင်လာနိုင်ဖို့ ကျွန်မတို့ ပိုပြီး မျော်လင့်တာ ကတော့ အခု အန်လ်အယ်ဒီအစိုးရအနေနဲ့က ပိုပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ အကန့် အသတ်ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေအပေါ် မှာ အကန့်အသတ် ဖြစ်နေတာကိုလည်း ပယ်ချပေးဖို့ လိုတယ်။ အားလုံးပါဝင်နိုင်ဖို့အတွက်လည်း လိုအပ်ပါတယ်။ ပါဝင်သင့် ပါဝင်ထိုက်သူတွေထဲမှာ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ အပါအဝင်ပေါ့နော် ။ ပါဝင်သင့် ပါဝင်ထိုက် လူတွေအားလုံး အတူတကွထိုင်ပြီးမှ အဖြေရှာမှသာလျှင် ကျွန်မတို့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်လာနိုင်မယ်လို့ မျှော်လင့်တယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required