"NCA စာချုပ် တစ်နှစ်ပြည့်အလွန် မြန်မာ့ငြိမ်းချမ်းရေးအခြေအနေ" (နိဂုံးပိုင်း)

29 December 2016
"NCA စာချုပ် တစ်နှစ်ပြည့်အလွန် မြန်မာ့ငြိမ်းချမ်းရေးအခြေအနေ" (နိဂုံးပိုင်း)
 

တူးတူးသာ

ကျွန်မတို့ တစ်နိုင်ငံလုံး အားလုံးပေါ့နော် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာကတော့ ပြည်သူတွေလည်း တောက်လျှောက်အော်ခဲ့ကြတယ် မီဒီယာတွေရောပဲ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့သူတွေရောပဲပေါ့နော် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတိုင်း သွားမယ်ဆိုတဲ့ဟာ မျိုးကို ကျွန်မတို့ ပြောခဲ့ကြတယ်ပေါ့ အဲတော့ ခုနက ဆရာနဲ့ ဆရာမ ပြောသွားတဲ့အချက်တွေမှာ ဒေါက်တာမင်းဇော်ဦးအနေနဲ့ရော ဘာတွေ ထပ်မံဖြည့်စွက်ပြီးတော့ ပြောချင်လဲ။ ဒီ NCA မှာ အကုန် ပါဝင်ဖို့အတွက် ဘာတွေလိုအပ်မယ်ထင်လဲ။

ဒေါက်တာမင်းဇော်ဦး (အဖွဲ့ခေါင်းဆောင်)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေးဆိုုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JIC-U)

          ကျွန်တော်တို့က NCA စပြီးညှိနှိုင်းကတည်းက ပါခဲ့ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခက်တိုက်ခက်မှု ရပ်စဲရေးလို့ နာမည်ပေးခဲ့ပေမယ့် အစကတည်းက အဖွဲ့တွေအားလုံးပါမယ်ဆိုတဲ့ ကျွန်တော်တို့ ရည်မှန်းချက်မျိုး မထားခဲ့ပါဘူး။ မထားခဲ့ဘူးဆိုတာကလည်း ထားလို့လည်းမရတဲ့ အနေအထားမျိုးမှာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ NCA ညှိတဲ့အချိန်မှာ ကျွန်တော်တို့ တိုင်းရင်းသားလက် နက်ကိုင် ၂၁ ဖွဲ့လုံး တွက်မယ်ဆိုရင်တောင် အဲဒီအထဲမှာပါတဲ့အဖွဲ့က ၁၇ ဖွဲ့ပဲရှိတယ်။ ၁၇ ဖွဲ့ပဲရှိတယ် ဆိုပေမယ့် ကိုးကန့်ဆိုလို့ရှိရင် NCA ထဲမှာပါပေမယ့် တရားဝင် နာမည်သွားထည့်ထားပေမယ့် စာပွဲပေါ် တစ်ခါမှမလာဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဟိုဘက်မှာ စစ်ပြင်နေတာ။ ဒီ NCA ညှိတဲ့အချိန်မှာ လည်း သူက စစ်တိုက်ဖို့ စစ်ပြင်နေတာ တစ်ခါမှ မလာခဲ့ဘူး။ ထို့အပြင်မှာပဲ RCSS ဆိုရင် လက်မှတ် တော့လာထိုးတယ် ဒါပေမယ့် NCA ညှိတဲ့အထဲမှာလည်း မပါခဲ့ဘူး။ အဲတော့ အခု ကျွန်တော်တို့က ၂၁ ဖွဲ့လို့ ပြောပေမယ့် အဲဒီ ၂၁ ဖွဲ့ထဲမှာ မပါတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေပါတယ်။ ဥပမာဆိုလို့ရှိရင် အဲဒီအဖွဲ့တွေက ၂၁ ဖွဲ့ထဲမှာတော့ မပါဘူး ဒါပေမယ့် အဲဒီ ၂၁ ဖွဲ့ထဲမှာပါတဲ့ အဖွဲ့တွေ ထက် အင်အားအများကြီးရှိတဲ့ အဖွဲ့တွေလည်း အဲဒီ ၂၁ ဖွဲ့ အပြင်ဘက်မှာရှိတယ်။ အဲတော့ ကျွန်တော် တို့က တကယ်စစ်စစ်ပေါက်ပေါက် မြန်မာပြည်မှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေကို လိုက်ပြီး တော့ ရေတွက်မယ်ဆိုရင် ကျွန်တော်တို့ စာရင်းအရဆိုရင် ၃၀ အထက်မှာရှိတယ်။ ဒါက ကျွန်တော်တို့ လက်ရှိဖြစ်စဉ်ထဲမှာ မပါတဲ့အဖွဲ့တွေ ၂၁ ဖွဲ့ထဲမှာလက်ရှိဖြစ်စဉ်မှာ မပါတဲ့အဖွဲ့တွေရှိတယ်။ တချို့အဖွဲ့ တွေဆိုရင် နေတာကမြန်မာပြည်မှာနေတယ် တိုက်တာက အိန္ဒိယအစိုးရကို တိုက်နေတယ် ဒီလိုမျိုး ဟိုဘက်ဒီဘက် ခွထိုင်တဲ့အဖွဲ့တွေလည်း ရှိတယ်။ ရှိတော့ လက်တွေ့လုပ်ငန်းစဉ်အရ ညှိတဲ့အချိန်မှာ ဆိုရင်လည်း ဝ မိုင်းလားအဖွဲ့ဆိုရင်လည်း သူက NCA နဲ့မဆိုင်ဘူး NCA က ကျွန်တော်တို့နဲ့ မဆိုင်ဘူး ဆိုပြီးတော့ လုံးဝ မလာခဲ့ဘူး။ နောက်ပြီးတော့လည်း NCA လက်မှတ်ထိုးပြီးတဲ့အခါမှာလည်း သူတို့ လာမထိုးနိုင်ဘူးဆိုတာကိုလည်း အခုထိလည်း သူတို့ ပြောနေဆဲဖြစ်တယ်။ အဲတော့ ကျွန်တော်တို့ လက်ရှိအနေအထားအရ NCA က တစ်နိုင်ငံလုံးဆိုတဲ့ဟာကို ဘယ်လိုခေါ်ခေါ် ကျွန်တော်တို့ တစ်ခုလုံး ပါဖို့ဆိုတာက အခက်အခဲရှိတယ်ဆိုတာကို ကျွန်တော်တို့ စလုပ်ကတည်းက တွေ့လာရ တယ်။

          ဒါပေမယ့် NCA ကို ကျွန်တော်တို့ ဘာကြောင့် မပါလာခဲ့ရလဲဆိုတော့ ကျွန်တော်တို့ ၃ ခုနဲ့ အခြေတည်ပြီး စဉ်းစားလို့ရတယ်။ တစ်ခုကတော့ နောက်အစိုးရသစ် တက်လာတဲ့အခါမှာ အစကနေ စတာမျိုး မဟုတ်ပဲနဲ့ အခြေခံအုတ်မြစ်တစ်ခုရှိအောင် ဖောင်ဒေးရှင်းတစ်ခု ချနိုင်အောင်ဆိုပြီး အခြေခံနဲ့ စဉ်းစားခဲ့တယ်။ စဉ်းစားခဲ့တော့ အခုဆိုလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လိုပုံစံနဲ့ လုပ်မယ်ဆိုတာ ကို ကျွန်တော်တို့မှာ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လုပ်ဟန်တွေလည်း ရှိသွားပြီပေါ့။ နောက်တစ်ချက်က တော့ ဖြစ်နေတဲ့ ပစ်ခတ််တိုက်ခိုက်မှုတွေကို လျော့ချနိုင်အောင်ဆိုတဲ့ ရည်မှန်းချက်ကို ကျွန်တော်တို့ ထားထားတယ်။ ခုနကပြောတာက တချို့အချက်လေးတွေပေါ့နော် ဥပမာ ကရင်ပြည်နယ်မှာ တိုက်ပွဲ ဖြစ်တာဆိုရင် တိုက်ပွဲဖြစ်တာက NCA လက်မှတ်ထိုးထားတဲ့ KNU နဲ့ ဖြစ်တာမဟုတ်ဘူး NCA လက်မှတ်မထိုးထားတဲ့ DKB ကနေ ခွဲထွက်လာတဲ့ အဖွဲ့နဲ့ ဖြစ်တဲ့ဟာမျိုး။ ဥပမာ အခု ရခိုင်မှာဖြစ်တဲ့ ဟာမျိုးဆိုရင် ဒါ NCA လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ ဖြစ်တာမဟုတ်ဘူး။ လက်မှတ် မထိုးထားတဲ့အဖွဲ့တွေနဲ့ ဖြစ်တဲ့ ပြဿနာပေါ့။ အဲတော့ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ကတော့ ပစ်ခက်တိုက်ခက်မှုတွေ ကတော့ ရှိနေဦးမှာပဲ။ ဒါက ကျွန်တော်တို့အမြင် သုံးသပ်တာပေါ့။ သုံးသပ်တယ်ဆိုတာက ဒီလိုစနစ် ကျတဲ့ အပစ်အခတ်ရပ်စဲရေး ယန္တရားတစ်ခု မရှိပဲနဲ့ ယန္တရားဆိုတာ စောင့်ကြည့်တဲ့ ယန္တရားတစ်ခု တည်းတင်မကဘူး နှစ်ဘက် ယန္တရားတွေ လိုက်နာရမယ့် အချက်တွေ ရှိဖို့လိုတယ်။ NCA မှာကျတော့ အဲဒီအချက်တွေက တိတိကျကျကို ရေးထားတယ် ဘယ်အချက်တွေ ဘယ်အချက်တွေ လိုက်နာရမယ် ဆိုတာကို ရေးထားတယ်။ ရေးထားပြီးတဲ့အပြင်မှာ ပြဿနာဖြစ်ရင် အင်နဲ့အားနဲ့ နှစ်ဖက်လုံးက တုန့်ပြန်လို့မရဘူး။ ကျွန်တော်တို့က ပြဿနာဖြစ်လှပါတယ်ဆိုတဲ့ RCSS နဲ့တောင် ယှဉ်ကြည့်မယ် ဆိုရင် RCSS နဲ့ NCA မထိုးခင်တစ်နှစ်နဲ့ ထိုးပြီးတစ်နှစ် တိုက်ပွဲအရေအတွက်က အနည်းဆုံး အဆ ၂၀ လောက် လျော့သွားတယ်လို့ ကျွန်တော်တို့က ပြောလို့ရတယ်။

          အဲတော့ ခုနက ဆွေးနွေးချက်ထဲမှာ ဒီ ပြည်သူလူထု ပါဝင်ရေးဆိုတာ ဆွေးနွေးတယ်။ ပြည်သူ လူထုပါဝင်ဖို့က အရမ်းကို အရေးကြီးတယ်။ အင်မတန်မှအရေးကြီးတော့ ကျွန်တေ်ာတို့ နှစ်ပိုင်းခွဲပြီး တော့ ကြည့်ရတာပေါ့နော်။ အပစ်အခတ်ရပ်စဲရေးမှာ ပြည်သူလူထုပါဝင်ရေးကို ဘယ်လိုုလုပ်မလဲ နိုင်ငံရေးဆွေးနွေးပွဲမှာ ပြည်သူလူထုပါဝင်ရေးကို ဘယ်လိုလုပ်မလဲ အပစ်အခတ််ရပ်စဲရေးမှာ ပြည်သူ လူထု ပါဝင်အောင် လုပ်နိုင်ရေးဆိုပြီးတော့ ကျွန်တော်တို့က ပစ်ခတ််တိုက်ခိုက်မှု စောင့်ကြည့် ကြီးကြပ် တဲ့ ယန္တရားတွေမှာ ဒေသခံလူထုက ပါနိုင်အောင်ဆိုပြီးတော့ ကျွန်တော်တို့က ဝိုင်းပြီးတော့ ဆွေးနွေး ကြတယ်။ အဲတော့ NCA မှာ ကျွန်တော်တို့ ညှိစဉ်အခါက Local ပေါ့နော် ဒေသဆိုင်ရာ အဆင့်ဆိုပြီး တော့ ဆွေးနွေးပေမယ့် အဲဒီဒေသခံအဆင့်မှာ ပြည်သူလူထု ဘယ်လိုပါမလဲဆိုတာ ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူး။ မပြောခဲ့တော့ ကျွန်တော်တို့ JNC လုပ်တဲ့ လုပ်ငန်းတွေအပေါ်မှာ ဒီကိစ္စကို အသေးစိတ် ဝိုင်းဆွေးနွေးတော့ နောက်ဆုံး တပ်မတော်ကိုယ်တိုင်ကိုက လက်ခံတယ်။ ဒေသခံပြည်သူလူထုတွေ ပါဝင်ရမယ်ဆိုတာကို လက်ခံတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ JNC ရဲ့ ယန္တရားရဲ့ ဒေသဆိုင်ရာအ ဆင့်မှာ ပြည်သူလူထုကနေ လွတ်လွတ်လပ်လပ် တင်မြောက်ထားတဲ့ လူထုကိုယ်စားလှယ်တွေ ရပ်ရွာ တွေ ကျေးရွာတွေက ကိုယ်စားလှယ်တွေပါ ပါဝင်နိုင်အောင်ဆိုတဲ့ဟာကို အခုကတော့ သဘောတူ ထားပြီး ဒါတွေကို ကျွန်တော်တို့ စပြီးတော့ အကောင်အထည်ဖော်နေတာ ဖြစ်တယ်ပေါ့။

          နောက်တစ်ခုက မြန်မာပြည်ရဲ့ လက်နက်ကိုင် ပဋိပက္ခမှာ အပစ်အခတ််ရပ်စဲရေးလို့ပြောရရင် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ နှစ်ဖွဲ့ပဲ လုပ်ခဲ့ကြတာရှိတယ်။ ကျွန်တော်တို့ JNC လုပ်ငန်းမှာ ကျတော့ အစိုးရရယ် တိုင်းရင်းသားလက်နက်ကိုင်ရယ်တင် မကဘူး အရပ်သားကိုယ်စားလှယ်တွေ လည်း ပါဝင်ဆောင်ရွက်လာတာကို တွေ့ရတယ်။

အခုဆို ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် ဒေသဆိုင်ရာအဆင့် ကော်မတီတွေမှာလည်း အရပ်သားကိုယ်စားလှယ်တွေပါလာတယ်။ ပြီးတော့ ကျေးရွာတွေမှာလည်း ရပ်ရွာက တင်မြောက်တဲ့ ဒေသခံ စောင့်ကြည့်ရေးတွေလည်း ပါဝင်သွားမှာဖြစ် တယ်ပေါ့။ ဒါက ကျွန်တော်တို့ လက်ရှိ လုပ်ငန်းအကောင်အထည်ဖော်တဲ့အပိုင်းပေါ့။ ခုနက အမျိုးသား အဆင့် ဆွေးနွေးပွဲမှာလည်း ဒေါက်တာလျန်မှုန်းလည်း ရှင်းပြသွားတာရှိတယ်။ ကျွန်တော်တို့က CSO တွေရော ပြည်သူလူထုရော အမျိုးသားအဆင့် ဆွေးနွေးပွဲမှာ ပါနိုင်ဖို့ဆိုတာကိုလည်း အခု ဆောင်ရွက် နေတာဖြစ်ပါတယ်။ လူထုပါဝင်ရေးကို မြင့်တင်ရမယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ အားလုံး လက်ခံပြီး သားပေါ့နော်။ ဒါတွေကို ဝိုင်းလုပ်နေတယ်။ တစ်ဖက်တည်းမှာလည်း ကျွန်တော်တို့အားလုံး ဝိုင်းပြီး သတိပြုမိဖို့က ကျွန်တော်တို့တိုင်းပြည်က ဖိနှိပ်ထားတဲ့ စနစ်အောင်မှာ နှစ်ပေါင်း ၆၀ ကျော် နေလာရ တော့ လူထုက စပြီးတော့ ကိုယ်အခွင့်အရေးတွေ   တောင်းလို့ရပြီဆိုတဲ့အချိန်မှာ ကိုယ့်အခွင့်အရေးပဲ ကိုယ် ကြည့်ပြီးတော့ တောင်းပြီးတော့ အခြားအင်အားစုတွေနဲ့ ဘယ်လို သဟဇာတဖြစ်အောင် လုပ်မ လဲဆိုတဲ့ အချက်ကို မစဉ်းစားလို့ရှိရင် ခုနကပြောတဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေက ဗမာနဲ့ တိုိင်းရင်းသားကြားတွေတင်မဟုတ်ဘူး တိုင်းရင်းသားအချင်းချင်း ကြားတွေမှာလည်း ပဋိပက္ခမျိုးတွေ ဖြစ်သွားနိုင်တယ်။ အဲတော့ ကျွန်တော်တို့က အမျိုးသားအဆင့် ဆွေးနွေးပွဲတွေမှာ ကိုယ့်လူမျိုးစုရဲ့ အကျိုးစီးပွား ကိုယ့်လူမျိုးစုရဲ့ ကောင်းရာကောင်းကျိုးအတွက် တောင်းမယ်ဆိုလို့ရှိရင် ကိုယ်တောင်း တဲ့ တောင်းဆိုချက်တွေကလည်း အခြားလူမျိုးတွေနဲ့ ဘယ်လို သဟဇာတဖြစ်အောင် လုပ်မလဲဆိုတဲ့ အချက်ကိုလည်း ကျွန်တော်တို့က သေချာစဉ်းစားဖို့လိုတယ်။ ဒါမှ အားလုံး အတူယှဉ်တွဲနေထိုင်ရေး ဆိုတာ ကိုယ့်အကျိုးစီးပွားတစ်ခုတည်းကို ကြည့်တာမဟုတ်ဘူး တခြားလူမျိုးစု တခြားအင်အားစု တခြားတိုင်းရင်းသား အစုအဖွဲ့တွေရဲ့ အကျိုးစီးပွားကိုလညး် ထည့်သွင်းစဉ်းစားပြီးတော့ အဖြေရှာနိုင် တဲ့ နိုင်ငံရေး ယဉ်ကျေးမှုတစ်ခုကို လုပ်နိုင်မှသာ ကျွန်တော်တို့က ပဋိပက္ခအပေါ်ကို ဦးမတည်ပဲနဲ့ တကယ်ငြိမ်းချမ်းရေးကို ဦးတည်တဲ့ နိုင်ငံရေးယဉ်ကျေးမှု အသစ်တစ်ရပ်ကို တည်ဆောက်နိုင်မှာ   ဖြစ်ပါတယ်။

ဒေါက်တာ ဆလိုင်းလျန်မှုန်း

ဒုတိယဥက္ကဌ၊ ချင်းအမျိုးသားတပ်ဦး( CNF )

နည်းနည်လေး ဟို တနိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုဆိုတဲ့ကိစ္စလေး နည်းနည်းလေးပြောချင်သေးတယ်။ အဲဒါဘာလဲဆိုတော့ ၂၀၁၂ ခုမေလတုန်းက သမ္မတဦးသိန်းစိန်ကနေပြီး   နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လိုကျင်းပမလဲဆိုတဲ့ အဆိုပြုချက် ၈ ချက်ကို သူတင်ပြခဲ့တယ်။

အဲဒီမတိုင်ခင် ၂၀၁၁ သြဂုတ်လ ၁၈ ရက်နေ့က နို်င်ငံရေးဆွေးနွေးမှုတွေစဖို့ အပစ်အခတ်ရပ်စဲရေးတွေဆွေးနွေးဖို့ စပြီး ဖိတ်ခေါ်ခဲ့တယ်။ အဲဒီတုန်းက တနို်င်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အစိုးရဘက်က ဘယ်လိုသဘောထားသလဲဆိုတော့ အစိုးရကနေပြီးတော့ တနို်င်ငံလုံးအပစ်အခတ်တို်က်ခို်က်မှုစာချုပ်ကိစ္စကို အစိုးရကနေပြီးတော့ တဖက်သတ်ကြေညာပြီးတော့ ဆွေးနွေးပွဲလုပ်မယ်ဆိုပြီးတော့ အစိုးရရဲ့တာဝန်အဖြစ်သူတို့က အဲသလိုခံယူချင်တယ်။ ကျွန်တော်တို့တို်င်းရင်းသားဘက်က ပြန်သုံးသပ်ကြည့်တဲ့အခါကြတော့ အဲဒီပုံစံမျိုးဖြစ်လို့ရှိရင် ၁၉၆၃ တုန်းက ဗိုလ်ချုပ်ကြီးနေဝင်း လုပ်ခဲ့တဲ့ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့တူတယ်။ ဘာလို့ဆိုတော့ အစိုးရက တဖက်သတ်ဖိတ်ခေါ်တယ်၊ တဖက်သတ်ဖိတ်ခေါ်တဲ့အတွက် အစိုးရက တဖက်သတ်ရုပ်သိမ်းလို့ရတယ်။ အဲဒီအတွက် ခို်င်မာမှုမရှိဘူးလို့ ကျနော်တို့သုံးသပ်တယ်။ နံပါတ် ၂ အနေနဲ့က အဲသလို ကျနော်တို့ဆွေးနွေးမယ်ဆိုလို့ရှိရင် တန်းတူရည်တူပူးတွဲဆွေးနွေးတဲ့ပုံစံမဟုတ်ဘဲနဲ့ ဖိတ်ခေါ်တဲ့အစိုးရက အိမ်ရှင် ကျနော်တို့က ဧည့်သည်အနေနဲ့ လာပြီးဆွေးနွေးရင် ဒါဟာ တန်းတူမရှိဘူးလို့သုံးသပ်တယ်။ အဲဒီအတွက်ကြောင့် ၂၀၁၁ စက်တင်ဘာလက တိုင်းရင်းသားညီလာခံလုပ်တယ်။ ဘာဆုံးဖြတ်သလဲဆိုတော့ ဒီတနိုင်ငံလုံးပစ်ခတ်တိုက်ခို်က်မှုရပ်စဲရေးဆိုတာ အဓိပ္ပါယ်နှစ်မျိုးအနေနဲ့ဖွင့်လို့ရတယ်။ အဲဒီ အဓိပ္ပါယ်နှစ်မျိုးအနေနဲ့ ဖွင့်လို့ရတယ်ဆိုရင် ပထဝီကို အခြေခံပြီးတော့ အဓိပ္ပါယ်ဖွင့်လို့ရတယ်။ တနို်င်ငံလုံးဆိုတဲ့အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းလုံးကို လွှမ်းခြံုသော တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတဲ့ အဓိပ္ပါယ်ရှိတယ်။

နောက် ဒုတိယတစ်ခုက ပြည်တွင်းစစ်ဟာ တနို်င်ငံလုံးမှာ ဖြစ်နေတာမဟုတ်တဲ့အတွက် တိုင်းရင်းသားဒေသတွေမှာသာဖြစ်နေတာဖြစ်တာကြောင့် လက်နက်ကိုင်ပဋိပက္ခမှာ ပါ၀င်ပတ်သက်တဲ့ သူတွေအားလုံးပါလာနိုင်တဲ့ နည်းလမ်းဆိုတဲ့ အဓိပါ္ပယ်သက်ရောက်တယ် ထို့အတွက်ကြောင့် လက်နက်ကိုင်ပဋိပက္ခမှာပါ၀င်သူအားလုံးပါ၀င်မှုဆိုတာကို ကျွန်တော်တို့ရွေးချယ်တယ်။ ပြီးတော့ တနိုင်ငံလုံး ပစ်ခတ်ရပ်စဲမှုကို တဖက်သတ်ကြေညာတာမျိုးမဖြစ်ဘဲနဲ့ အဲဒီစာချုပ်ကို နှစ်ဘက်ညှိနှိုင်းပြီးတော့မှ အတူတကွလက်မှတ်ရေးထိုး အတူတကွ အကောင်အထည်ဖေါ်၊ ပူးပေါင်းဆောင်ရွက်ဆိုတဲ့ စာမျိုး ကျွန်တော်တို့အကောင်အထည်ဖေါ်။ ပြီးတော့ အဲဒီညီလာခံတုနး်က အရေးကြီးတဲ့ အဆိုပြုချက်တစ်ခုက တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ တိုင်းရင်းသားအခွင့်အရေးအတွက် တိုက်ပွဲဝင်တာမဟုတ်ဘဲနဲ့ အိမ်နီးချင်းနို်င်ငံတွေကို အစိုးရတစ်ရပ်ရပ်ကိုတိုက်နေတဲ့ အဖွဲ့အစည်းတွေရှိတယ်။

ဒီတော့ အစိုးရနှစ်ရပ်ကို တပြိုင်နက်တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေကိုတော့ ထည့်လို့မဖြစ်ဘူး၊ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တာမဟုတ်ဘူး၊ ခွဲထွက်ရေးအတွက် လုပ်တာမဟုတ်ဘူး၊ ပြည်ထောင်စုကြီးကို ပင်လုံသဘောတူစာချုပ်အတို်င်း၊ ပြည်ထောင်စုကြီးကိုပြန်လည်ထူထောင်ဖို့ပဲဖြစ်တယ်။ ဆိုတော့ ပြည်ထောင်စုကြိးပြန်လည်ထူထောင်ဖို့ ဆန္ဒရှိတဲ့သူတွေပဲ ပါသင့်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုကို အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကို ချဉ်းကပ်တဲ့နေရာမှာ ဒီပြည်တွင်းစစ် စတင်တုန်းက အခုခေါင်းဆောင်တွေအားလုံး ဘယ်သူမှမပါခဲ့ကြဘူး၊ ဒါပေမယ့်ပြည်တွင်းစစ်ရဲ့အမွေကျတော့အားလုံးအတူတကွ ခံစားကြရတာပဲ။ ထို့အတွက် ၀ိုင်းပြီးပူးပေါင်းပြီးဖြေရှင်းမှရမယ်၊ တဖက်သတ်ဖြေရှင်းလို့မရဘူး။ အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းတုန်းက စစ်ရေးနဲ့ဖြေရှင်းဖို့ကြိုးစားတယ် မအောင်မြင်ခဲ့ဘူး၊ ကျွန်တော်တို့တိုင်းရင်းသားဖက်ကလည်း တဖက်သတ်ဖြေရှင်းလို့ရမှာမဟုတ်ဘူး။ အားလုံးပေါင်းပြီး အတူတကွဖြေရှင်းမှ ဒီပြဿနာဖြေရှင်းလို့ရမှာဖြစ်တယ်။

ဒေါ်မေစံပယ်ဖြူ

ဒါရိုက်တာ ( GEN )

ဒီနေရာမှာ အပစ်ရပ်အဖွဲ့တွေပဲ ပါ၀င်ဆွေးနွေးခွင့်ရှိမယ်ဆိုတဲ့နေရာမှာ အပစ်မရပ်သေးတဲ့ အဖွဲ့အစည်းတွေက ဒီနို်င်ငံရေးဆွေးနွေးပွဲတွေမှာ မပါလာနိုင်တော့ဘူးလား။ သူတို့ပါလာအောင် ဘယ်လိုအစီအမံတွေရှိသလဲဆိုတာ ကျွန်မတို့မှာ စိုးရိမ်ပူပန်မှုနဲ့အတူ မေးခွန်းတွေဖြစ်လာပြီ၊ ဒီနေရာမှာ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်ချင်လို့ အစိုးရက တဖက်က ဖိတ်ခေါ်ခဲ့တာ ရှိတယ်ပေါ့။ ပစ်ခတ်တိုက်ခို်က်မှုရပ်စဲရေးအတွက် ပါ၀င်ချင်ပါတယ်ဆိုတဲ့အဖွဲ့တွေ ပါ၀င်လာနိုင်စေဖို့ အရေးကြီးပါတယ်။ ဒါကြောင့်မို့ NCA ထိုးထိုး မထိုးထိုး တဖက်မှာတော့ လက်မှတ်မထိုးလို့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတယ်လို့ တဖက်မှာပြောစရာရှိနေတယ်ပေါ့၊ ဒါပေမယ့် ကျွန််််််မတို့အမြင်ကြတော့ NCA လက်မှတ်မထိုးတဲ့အတွက်ကြောင့် လက်မှတ်ထိုးလာအောင် စစ်ရေးနည်းနဲ့ ဖိအားပေးတာမျိုးဖြစ်မှာကို ကျွန်မတို့စိုးရိမ်တယ်။ အကယ်၍များ စစ်ရေးနဲ့ဖြေရှင်းဘဲ နို်င်ငံရေးနည်းနဲ့ဖြေရှင်းဖို့ အားလုံးက လိုလားကြသလို NCA လက်မှတ်မထိုးဖြစ်တဲ့ အဓိကအကြောင်းရင်းတွေ ရှိပါလိမ့်မယ်ပေါ့။ ကျွန်မတို့ကတော့ အဲဒီဖြစ်စဉ်တွေမှာ ပါ၀င်ခွင့်မရတဲ့အတွက်ကြောင့် ဘာတွေကြောင့် အဲဒီအဖွဲ့တွေက လက်မှတ်မထိုးဖြစ်သလဲဆိုတာ တိတိကျကျ မသိပါဘူး။ ဒါပေမယ့်လည်း လက်မှတ်ထိုးရေးမထိုးရေး အဓိကအဆုံးအဖြတ်ပေးနိုင်တဲ့သူတွေဟာ အစိုးရနဲ့တပ်မတော်ဖြစ်တယ်လို့ ကျွန်မတို့မြင်တယ်။  ဒီဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာလည်း ဘယ်လိုအခြေအနေတွေဆိုရင် လက်မှတ်ထိုးနို်င်မယ် မထိုးနိုင်ဘူးဆိုတာ တိုင်ပင်ဆွေးနွေးထားတာ သတ်မှတ်ထားတာ ရှိပါလိမ့်မယ်။ အဲဒီအချက်တွေအပေါ်မှာ အစိုးရနဲ့တပ်မတော်အနေနဲ့ ဘယ်လောက်အထိ ဆွေးနွေးပေးနိုင်သလဲဆိုတဲ့အချက်အပေါ်မူတည်ပြီးတော့ လက်မှတ်ထိုးခြင်းမထိုးခြင်းကိစ္စ ဖြစ်လာတယ်လို့ ကျွန်မတို့မြင်ပါ်တယ်။ ဒါကြောင့်မို့ အဆင့်ဆင့် လူမျိုးအလိုက် ဒေသအလိုက် အားလုံးပါ၀င်နိုင်တဲ့ အခြေအနေတစ်ရပ် ဖန်တီးပေးဖို့အတွက် ကျွန်မတို့က လိုလားပါတယ်။

အပိုင်း ( ၁ ) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/21409
အပိုင်း ( ၂ ) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/21511
အပိုင်း ( ၃ ) ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည် - http://www.mizzimaburmese.com/article/21661

Mizzima Weekly