Hip Hop စတင်စဉ်က စိန်ခေါ်မှုတွေမရှိခဲ့တာ ကျိန်းသေတယ်ဆိုတဲ့ J Me

Hip Hop စတင်စဉ်က စိန်ခေါ်မှုတွေမရှိခဲ့တာ ကျိန်းသေတယ်ဆိုတဲ့ J Me

အသက် (၁၄)နှစ်အရွယ်ကတည်းက Rap တွေကို ရွတ်ခဲ့တဲ့သူ၊ မြန်မာနိုင်ငံမှာ ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ Rapper တစ်ယောက်။ သူကတော့ တေးသံရှင် J Me ပါ။ Second Generation Rapper တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံမှာ ရပ်တည်ခဲ့ရတာ အကြီးမားဆုံးစိန်ခေါ်မှုတွေက ဘာတွေများ ဖြစ်မလဲ။ ကျွန်မကတော့ ယဉ်မွန်ပါ။ အခုဆိုရင် တေးသံရှင် J Me နဲ့တွေ့ဆုံဖို့အတွက် သူရှိမယ့်နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ယဉ်မွန့်ရဲ့လက်ထဲမှာတော့Yope မေးခွန်းငါးခုနဲ့အတူ Yope  Red Chair ရှိနေပါတယ်။

YOPE _အစ်ကိုရေမင်္ဂလာပါရှင့်။

-  မင်္ဂလာပါ။

Yope- အခုလို Yope အစီအစဉ်မှာ တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်ရှင်။ ပထမမေးခွန်းကပေါ့နော်။ ဒီ Second Generation တွေဆိုတာကပေါ့နော်။ မြန်မာနိုင်ငံမှာ Hip Hop ကို ပိုပြီးထွန်းကားလာအောင် လုပ်ပေးခဲ့တယ်ဆိုတော့လေ။ အဲ့ဒီ အစ်ကိုတို့လုပ်ခဲ့ရတဲ့ အချိန်ကစပြီးတော့ အခုချိန်ထိပေါ့။ ရပ်တည်ခဲ့ရတာ အကြီးမားဆုံးစိန်ခေါ်မှုတွေက ဘာတွေများ ဖြစ်မလဲရှင့်။

J Me_ အားလုံးကတော့ကိုယ့်ပြဿနာနဲ့ ကိုယ်တွေချည်းပဲပေါ့။ ဒါကလည်း မိဘမှမတူတာ။ တစ်ကြိမ်တည်းမှာတော့ ချစ်တဲ့လူတွေလည်းရှိသလို အမြင်ကတ်တဲ့လူတွေလည်းရှိတာပဲ။ ဒါပေမယ့် ပြဿနာ မရှိဘူး။ စိန်ခေါ်မှုကတော့ အဲ့ဒီတုန်းက ဘာမှမရှိဘူး။ အဲ့ဒါကျိန်းသေတယ်။

YOPE _ နံပါတ်၂ မေးခွန်းမှာပေါ့နော်။ အစ်ကိုက အစ်ကို့သားသမီးအတွက် ဘယ်လိုဖခင်မျိုးဖြစ်မလဲ။

J Me_ That is good Question (တကယ့်မေးခွန်းကောင်းပဲ) ။ ဘယ်လိုလဲဆိုတော့ လက်ရှိပေါ့နော်။ ပစ္စုပန်မှာတော့ ဒါကျွန်တော်ဖြေချင်တဲ့အတိုင်း ဖြေမှာနော်။

YOPE _ ရတယ်အစ်ကို။ အဆင်ပြေပါတယ်ရှင့်။

J Me_ ကျွန်တော်က စကားလုံးအကြီးကြီးတွေတော့ ကျွန်တော်ကမပြောချင်ဘူး။ တော်ကြာဘာဖြစ်တယ်၊ ညာဖြစ်တယ်တွေ ဖြစ်မှာစိုးလို့။ သိတယ်မလား။ ပြောလိုက်ရင် ဒါမျိုးချည်းပဲတို့၊ ဘာတို့။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ကျိန်းသေတာတော့ သူတို့အနာဂတ်အတွက်တော့ အကောင်းဆုံး စီစဉ်ပေးထားတယ်။ ဒါပေမယ့် ဘုရားနဲ့မိတ်ဆက်ပေးတဲ့ဖခင်၊ ကလေးတွေကို ဘာသာနဲ့ မိတ်ဆက်ပေးတဲ့ ဖခင်မဟုတ်ဘဲနဲ့ ဘုရားနဲ့သိခွင့်ပေးခဲ့တဲ့ ဖခင်တစ်ယောက်တော့ လုံးဝကျိန်းသေတယ်။

YOPE _ နံပါတ်၃ မေးခွန်းမှာပေ့ါနော်။ နံပါတ်၃ မေးခွန်းကတော့ အစ်ကိုရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘယ်အစိတ်အပိုင်းကို အစ်ကိုအကြိုက်ဆုံးဖြစ်မယ်ထင်လဲ။

J Me_ ရှယ်ပဲ။ အကြိုက်ဆုံး၊ အကုန်ကြိုက်တယ်။

YOPE _ ဘာကြောင့် အဲ့ဒီလိုအကြိုက်ဆုံး ဖြစ်ရတာလဲ။

J Me_ ဘာဖြစ်လ်ို့လဲဆိုတော့ ထူးဆန်းတာက အမှန်အတိုင်း ပြောရင်တော့ နှုတ်ကပတ်တော်ကိုပဲ ပြန်သွားရမှာ။ ဘာဖြစ်လ်ို့လဲဆိုတော့ လူတွေကသာ ကိုယ့်ကိုကိုယ်မည်းတယ်၊ ဖြူတယ် ဖြစ်နေတာလေ။ ဟိုနေရာက မည်းတယ်။ ဒီနေရာက ကြီးတယ်။ ဒီနေရာက သေးတယ်။ ဒါပေမယ့် ကျွန်တော် နေရာတိုင်းကို သဘောကျပါတယ်။ သူ့နေရာနဲ့သူ အဆင်ပြေအောင် ကွက်တိလုပ်ထားပေးတယ်။

YOPE _ ဟုတ်၊ နံပါတ် ၄ ပါရှင့်။ မြန်မာနိုင်ငံက Hip Hop ဂီတကိုပေါ့နော်။ ကမ္ဘာကို သိအောင်လုပ်ဖို့အတွက် ဘယ်လိုဖန်တီးမှုတွေ လုပ်သင့်တယ်လို့ ထင်မိပါလဲရှင့်။

J Me_ကမ္ဘာက မသိတာမဟုတ်ဘူး။ မသိချင်ယောင် ဆောင်နေတာ။ ကိုယ်လုပ်ချင်တာရဲ့ကိုယ့်ဦးနှောက်နဲ့ လူ့ဉာဏ်ကို အမှီပြုပြီးတော့ တတ်နိုင်သလောက်၊ ကြိုက်သလောက်လုပ်၊ တစ်နေ့ကျရင်ကိုယ်နဲ့ ထိုုက်တန်ဖို့ ကိုယ့်အတွက် ပြင်ဆင်ထားပေးတဲ့နေရာကို ကိုယ်ကအမွေခံရမှာတော့ ကျိန်းသေတယ်။

YOPE _အစ်ကို၊ ဒါကနံပါတ် ၅ မေးခွန်းပေါ့နော်။ နောက်ဆုံးမေးခွန်း။ အစ်ကိုသာ တမန်တော်တစ်ပါး ဖြစ်ခွင့်ရခဲ့မယ်ဆိုရင် လူတွေရဲ့စိတ်ထဲက ဘာမကောင်းတဲ့အချက်တွေကို ဖျက်ပေးချင်ပါလဲရှင့်။

J Me_ ထူးဆန်းတယ်၊ အဲ့ဒီမေးခွန်းက။  ကျွန်တော်သာ တမန်တော်ဖြစ်ခဲ့ရင် ဘယ်သူ့စိတ်ဓာတ်ကို ပြင်မလဲဆိုတော့ ဘယ်သူ့စိတ်ဓာတ်ကိုမှ ပြင်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူ့ရဲ့ရွေးချယ်ခွင့်က လူကို ဘုရားကချစ်လွန်းလို့ ရွေးချယ်ခွင့်ပေးထားတာ။ နင် အရက်သောက်မလား၊ နင်ဘုရားကျောင်းသွားမလား။ နှစ်မျိုးပဲ။ နင်ကြိုက်တာလုပ်။ ပေးမသောက်တာမျိုး မဟုတ်ဘူး။ ဘုရားက လူကို ဘယ်တော့မှ အတင်းမလုပ်ဘူး။ အတင်းမယုံခိုင်းဘူး။ သူ့မှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် လူတစ်ယောက်ကို ပြောင်းလဲအောင် ကျွန်တော်မလုပ်နိုင်ဘူး။ သူပဲ လုပ်နိုင်တာ။ အဲဒီတော့ လူတစ်ယောက်ကို ပြောင်းလဲအောင် ကျွန်တော် ဆုတောင်းပေးရတာ။ ဒါပဲရှိတယ်။

YOPE _ အခုလိုညီမတို့ YOPE အစီအစဉ်မှာ မေးခွန်း ၅ ခုကို အချိန်ပေးပြီး ဖြေပေးတဲ့အတွက်လည်း အစ်ကို့ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

J Me_သာ၍ကောင်းချီး ပေးပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags