အမျိုးသမီးတို့ရဲ့ ပြင်းပြတဲ့ ငြိမ်းချမ်းရေး စကားသံ

28 December 2016
အမျိုးသမီးတို့ရဲ့ ပြင်းပြတဲ့ ငြိမ်းချမ်းရေး စကားသံ

မင်္ဂလာပါရှင်။ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်မှာတော့ ပြည်တွင်းငြိမ်းချမ်းရေးကဏ္ဍမှာ အမျိုးသမီးတွေရဲ့ ကြိုးပမ်းမှုတွေ မငြိမ်းချမ်းတဲ့ဒေသတွေက အမျိုးသးမီးတွေရဲ့ ဘဝတွေနဲ့ ခက်ခဲရုန်းကန်မှုတွေကို ကြည့်ကြရမှာပါ။

စစ်ဖြစ်ပွားရာဒေသတွေမှာ အထိခိုက်ဆုံးမှာ အမျိုးသမီးနဲ့ ကလေးတွေလို့ နိုင်ငံတကာ အစီရင်ခံစာတွေမှာလည်း ဖော်ပြ ပါရှိပါတယ်။ မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာလည်း အမျိုးသမီးတွေက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားကြရပါတယ်။ ဒါပေမယ့် ဒီအမျိုးသမီးတွေရဲ့ ခံစားနေရမှုတွေကို ကိုယ်စားပြုပေမယ့် အမျိုးသမီးကိုယ်စားလှယ်တွေကတော့ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်မှု နည်းနေရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေ ဘယ်လို ဆက်လုပ်မလဲဆိုတဲ့ သတင်းကို မဇ္ဈိမသတင်းဌာနက တင်ဆက်ပေးထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြရတဲ့ ဒုက္ခသည်အမျိုးသမီးတွေ ကြံုတွေ့နေရတဲ့ အဓိက ပြဿနာတွေအနေနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြံုတွေ့နေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးလာကြရတဲ့သူတွေအတွက် ပညာရေး ကျနး်မာရေး စတဲ့ အဖက်ဖက်က ကူညီစောင့်ရှောက်မှုတွေ အဓိက လိုအပ်နေပြီး နှစ်ဖက်တိုက်ခိုက်မှုကို ရပ်တန့်စေချင်ကြတယ်လို့ သိရပါတယ်။

နော်ဆဲဆဲ

ကရင်အမျိုးသမီး အစည်းအရုံး ဗဟိုဌာန

အထူးသဖြင့် အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ ကလေးတွေ ခံစားနေရတာပေါ့နော်။ ဒီ အမျိုးသမီးဆိုရင် သူတို့မှာလည်း ဒီလိုပြေးနေရတဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလည်း ဖြစ်နိုင်တယ်။ ပြီးလို့ရှိရင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုတာကလည်း ဒီလိုမျိုး ကလေးတွေချီပြီးတော့ အိုးအိမ်စွန့်ခွာပြီးတော့ ပြေးလွှားနေရတယ်ပေ့ါနော်။ ဒီလို စိတ်ပိုင်းရော လူပါ ခံစားနေရတဲ့ ခံစားမှုမျိုးပါ ရှိတယ်။ ပြောရမယ်ဆိုရင်လည်း မိသားစုအတွက်ပါ သူ စိုးရိမ်နေရတယ်။ တစ်ခုခုဖြစ်ပြီဆိုရင် စိုးရမ်မှုတွေ အများကြီးရှိလာတယ်။ ပြီးလို့ရှိရင် ကျန်းမာရေးအရရော ပညာရေးအရရော စားဝတ်နေရေးအရရော လုံလုံလောက်လောက်လည်း ရရှိတာ မရှိဘူးပေါ့နော်။ ဆိုတော့ သူတို့က သူတို့နယ်မြေမှာ လုပ်ကိုင်စားသောက်ခဲ့တဲ့နေရာတွေကိုပဲ သူတို့က ပြန်ချင်ကြတယ်။ အဲဒါကို ဒီလိုမျိုး တစ်ဖက်တစ်လမ်းကနေ စစ်ပွဲဖြစ်နေသ၍ ပြန်လို့မရဘူး။ အဲတော့ သူတို့မှာ စိတ်ဖိစီးမှုတွေ စိတ်ဝေဒနာတွေ အဲဒီအပိုင်းမှာ ပိုထိခိုက်တာကို ကျွန်မတို့ တွေ့ရတယ်။

မဇ္ဈိမ

ဒီလို စစ်ဖြစ်ပွားရာဒေသတွေမှာ ထိခိုက်ခံရသူများမှာ အမျိုးသမီးနဲ့ ကလေးငယ်များဖြစ်ပြီး ဒီခံစားမှုတွေကို အမျိုးသားတွေအနေနဲ့ အကုန်လုံး သိရှိမနေဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆုံးဖြတ်ချက်ချတဲ့အပိုင်းတွေမှာ အမျိုးသမီးတွေကို ပိုမို ပါဝင်ခွင့် ပေးထားမှသာ ပဋိပက္ခဒေသတွင်းက အမျိုးသမီးတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ပိုပြီး ထုတ်ဖော်နိုင်မှာဖြစ်တယ်လို့လည်း အကြံပြု တိုက်တွန်းထားပါတယ်။

နော်ဆဲဆဲ

ကရင်အမျိုးသမီး အစည်းအရုံး ဗဟိုဌာန

ကျွန်မတို့ ဖြစ်စေချင်တာက လက်နက်ကိုင်နှစ်ဖွဲ့မှာ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေမှာ အထိခိုက် အနစ်နာဆုံးက အမျိုးသမီးတွေ ပြည်သူလူထုတွေ အထူးသဖြင့် ကလေးတွေပေါ့။ နောက်ပြီးတော့ မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတွေက လက်နက်တစ်စုံအနေနဲ့ အသုံးပြုခံရတယ်။ အဲဒါတွေကို ကျွန်မတို့က ထုတ်ဖော်ပြောဆိုရမယ်။ သူတို့ ထုတ်ဖော်ပြောဆိုနိုင်မှာမဟုတ်ဘူး။ ကျွန်မတို့ အမျိုးသမီးတွေကိုယ်တိုင်ကပဲ ထုတ်ဖော်ပြောဆိုနိုင်မယ်ဆိုတာ သူတို့ကို သိစေချင်တယ်။ သူတို့ကိုလည်း အသိအမှတ်ပြုစေချင်တယ်ပေါ့နော်။ အဓိကကတော့ ကျွန်မတို့ အမျိုးသမီးတွေကို ပါဝင်ခွင့် ပေးဖို့ပေါ့နော်။ အဲဒါမှာ ကျွန်မတို့ ထောင့်ပေါင်းစုံကနေ ပါဝင်ခွင့်ပေးဖို့လည်း ကျွန်မတို့ တောင်းဆိုချင်ပါတယ်။

မယမင်းသူဇာခိုင်

ရောင်ခြည်သစ် အမျိုးသမီး အဖွဲ့အစည်း

ပဋိပက္ခဖြစ်ပွားနေတဲ့အရပ်မှာ တောင်းဆိုရမယ်ဆိုရင်တော့ ပထမဆုံး ဖြစ်ချင်တာကတော့ မဖြစ်နိုင်သေးဘူးဆိုတာလည်း မှန်တယ်။ စစ်ပွဲတွေ ရပ်ပေးဖို့ပေါ့နော်။ ဒီအမျိုးသမီးတွေဟာ စစ်ပွဲတွေ ဖြစ်ပွားနေရတဲ့အတွက်ကြောင့် ကျွန်မတို့တွေက ဒီလိုခံစားနေရတာပေါ့။ ဟုတ်ပြီ ဒီဖြစ်လာတဲ့အပိုင်းမှာလည်း အမျိုးးသမီးတွေအတွက် လုံခြံုဖို့အတွက်ကို အများကြီး စဉ်းစားဖို့လိုတယ်။ စဉ်းစားတဲ့အပိုင်းမှာလည်း ကျွန်မတို့ အချက်တွေ အများကြီးရှိတယ်။ စားဝတ်နေရေးတွေ အမျိုးသမီးတွေနဲ့ အမျိုးသားတွေကလည်း သူတို့ရဲ့ လိုအပ်နေတဲ့ အချက်တွေက မတူညီဘူးပေါ့နော်။ အဲဒီအတွက် ကျွန်မတို့က အမျိုးသမီးအတွက် လိုအပ်တာတွေကို နားလည်တက်ကျွမ်းတဲ့သူတွေနဲ့ပဲ ဒီလို ပဋိပက္ခတွေဖြစ်လို့ရှိရင် ဘာတွေလိုအပ်ပါတယ် ဘာတွေ အရေးကြီးပါတယ် ဆိုတဲ့ဟာတွေကို ဒီပညာရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ ဒီအချက်တွေကို လုပ်ပေးပါလို့ ကျွန်မကတော့ အစိုးရကို တောင်းဆိုချင်ပါတယ်။

မဇ္ဈိမ

မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ကို ကမ္ဘာမှာ အရှည်အကြာဆုံး နိုင်ငံတွေထဲက နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် သြဂုတ်လက အရပ်သားအစိုးရသစ်လက်ထက်မှာ စတင်ခဲ့တဲ့ ပြည်တွင်းစစ် အဆုံးသတ်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပခဲ့တာကလည်း ဒီကနေ့ထိ ထိုရောက်တဲ့အောင်မြင်မှုမျိုး မရှိသေးတာကို တွေ့ရမှာပါ။ လက်ရှိမှာတော့ လက်နက်ကိုင်အဖွဲ့တွေရဲ့ နှစ်ဖက်ထိတွေ့ တိုက်ခိုက်မှုတွေကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က စစ်ရှောင်စခန်းတွေမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရတာက ၅ နှစ်ကျော်သက်တမ်း ရှိနေပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly