ဆူပူပြဿနာရှာတတ်သော ခရီးသည်များကို တင်းကျပ်စွာထိန်းချုပ်ကိုင်တွယ်သွားရန် တောင်ကိုရီးယား အမျိုးသားလေကြောင်းလိုင်း စီစဉ်

ဆူပူပြဿနာရှာတတ်သော ခရီးသည်များကို တင်းကျပ်စွာထိန်းချုပ်ကိုင်တွယ်သွားရန် တောင်ကိုရီးယား အမျိုးသားလေကြောင်းလိုင်း စီစဉ်

ဒီဇင်ဘာ ၂၈ ။                ။ လေယာဉ်ပေါ်တွင် ထိန်းမရသိမ်းမရ ဆူပူသောင်းကျန်းတတ်သည့် ခရီးသည်များကို ထိန်းချုပ်နိုင်ရန် လေယာဉ်အမှုထမ်းများကို stun guns (ဒဏ်ရာပြင်းစွာမဖြစ်စေဘဲ မူးမေ့သွားရုံသာဖြစ်စေသည့် သေနတ်)များ ကိုင်ဆောင်ခွင့်ပြု သွားတော့မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံပိုင်လေကြောင်းလိုင်းက ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ပြောကြားသည်။

အလားတူ ခရီးစဉ်များအတွင်း အထက်ပါ ရန်လိုတတ်သည့် ခရီးသည်များကို ထိန်းချုပ်နိုင်ရန်အတွက် အမျိုးသားလေယာဉ်အမှုထမ်းအရေအတွက်ကိုပါ ပိုမိုလိုက်ပါ ထမ်းဆောင်စေတော့မည်   ဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ဆူပူသောင်းကျန်းတတ်သည့် ခရီးသည်ကြောင့်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခုတွင် လေကြောင်းလိုင်း၏ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ အမေရိကန်အဆိုတော် Richard Marx က   ဝေဖန်ပြစ်တင်ခဲ့ပြီးနောက် ယခုကဲ့သို့ တင်းကျပ်စွာ ကိုင်တွယ်ရန် လေကြောင်းလိုင်းက စီစဉ်လာခြင်းဖြစ်သည်။

ယခုမတိုင်မီက လေယာဉ်ပေါ်တွင် အခြားသော ခရီးသည်များ သို့မဟုတ် လေယာဉ်အမှုထမ်းများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်တော့မည့်ဆဲဆဲအခြေအနေများတွင်ပင် ယင်း stun guns များ အသုံးပြုနိုင်မှုအပေါ် ကန့်သတ်မှုများ ရှိခဲ့သည်ဟု လေကြောင်းလိုင်း ပြောခွင့်ရပုဂ္ဂိုလ် Nathan Cho က ပြောသည်။

သို့သော် ယခုအခါ ယင်း stun guns များ အသုံးပြုမှုနှင့်ပတ်သက်၍ ချမှတ်ထားသည့် စည်းမျဉ်းများကို ပြောင်းလဲလိုက်ပြီဖြစ်ကာ လိုအပ်သလို အသုံးပြုခွင့် ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

အလားတူ လေကြောင်းလိုင်းအနေဖြင့် ယခုအချိန်မှာစ၍ ခရီးစဉ်တစ်ခုချင်းစီတိုင်းအတွက် အနည်းဆုံးအမျိုးသားအမှုထမ်းအနည်းဆုံးတစ်ဦးစီ လိုက်ပါထမ်းဆောင်စေမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly