အာဖဂန်၏ ပထမဆုံး အမျိုးသမီးလေယာဉ်မှူး အမေရိကန်တွင် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံ၍ အငြင်းပွားမှုများပေါ်ပေါက်

အာဖဂန်၏ ပထမဆုံး အမျိုးသမီးလေယာဉ်မှူး အမေရိကန်တွင် နိုင်ငံရေး ခိုလှုံခွင့်တောင်းခံ၍ အငြင်းပွားမှုများပေါ်ပေါက်

ကဘူးလ်၊ ဒီဇင်ဘာ ၂၇ ။        ။ အာဖဂန်နစ္စတန်၏ ပထမဆုံးအမျိုးသမီးလေယာဉ်မှူးဖြစ်သူက အမေရိကန်တွင်ပင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံကာ   နေထိုင်တော့မည်ဖြစ်ကြောင်း   ကြေညာ လိုက်ပြီးနောက် ငြင်းခုံဆွေးနွေးမှုများ ပေါ်ပေါက်လာခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ အမြစ်တွယ်နေသော ပြဿနာရပ်များဖြစ်သည့် မလုံမခြံုဖြစ်မှု၊ အမျိုးသမီးအခွင့်အရေးနှင့် လူငယ်လူရွယ်များ နိုင်ငံရွှေ့ပြောင်းထွက်ခွာမှုများနှင့် ပတ်သက်ပြီး နိုင်ငံတစ်ဝန်း အငြင်းပွားမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် နီလူးဖာရတ်မန်နီသည် တွမ်ခရုစ်၏ နာမည်ကျော် လေသူရဲဇာတ်ကား Top Gun ကို အစွဲပြုလျက် Afghan Top Gun ဟု ခေါ်ဝေါ်ခံရသူဖြစ်သည်။ အမေရိကန်လေတပ်တွင် ဆယ့်ငါးလတာ လေ့ကျင့်သင်တန်းတက်ပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်သက အာဖဂန်သို့ ပြန်လာရရန် ရှိနေခြင်းဖြစ်သည်။

သို့သော််လည်း ၎င်း ပြန်မလာရမီ တစ်ရက်အလိုတွင် သူ့၏ လုံခြံုရေးအတွက် စိုးရိမ်၍ ပြန်လာတော့မည်မဟုတ်ကြောင်း ကြေညာလိုက်ခြငး်ဖြစ်ရာ နိုင်ငံရင်းကို သစ္စာဖောက်သူအဖြစ် အပြင်းအထန် စွပ်စွဲပြောဆိုမှုများ ပေါ်ပေါက်ခဲ့သလို တက်ကြွလှုပ်ရှားသူများက ၎င်း၏ လုပ်ရပ်ကို ထောက်ခံအားပေးမှုများလည်း ရှိလာခဲ့သည်။

“အမေရိကန်မှာ နေမယ်လို့ သူပြောတာက တာဝန်မဲ့ပြီး လက်မခံနိုင်စရာပါ။ သူက အာဖဂန်လူငယ်တွေအတွက် စံပြဖြစ်နေသူပါ။ နိုင်ငံရင်းကို သစ္စာဖောက်တာပါပဲ။ ရှက်စရာလုပ်ရပ်ပဲဖြစ်တယ်။”ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ မိုဟာမတ်ရတ်မန်နက်စ်က အေအက်ဖ်ပီသို့ ပြောသည်။

သားရေစစ်ဖိနပ်၊ ကာကီရောင်ဝတ်စုံနှင့် နေကာမျက်မှန်တို့ ၀တ်ဆင်သည့် ရတ်မန်နီသည် တာလီဘန်ခေတ်ကစ၍ အာဖဂန်နစ္စတန်၏ ပထမဆုံးအမျိုးသမီးလေယာဉ်မှူးဖြစ်လာပြီး ၂၀၁၃ ခုနှစ်တွင် သတင်းများ၌ ဖော်ပြခံလာရာမှ သန်းပေါင်းများစွာသော အာဖဂန်များအတွက် မျှော်လင့်ချက် သင်္ကေတဖြစ်ခဲ့သည်။

မမျှော်လင့်နိုင်သော စွမ်းဆောင်မှုအဖြစ် ပြီးခဲ့သည့်နှစ်အတွင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက “အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆု”ကို ချီးမြှင့်ခဲ့သည်။

သို့သော်လည်း ထင်ရှားကျော်ကြားလာမှုနှင့်အတူ အစွန်းရောက်များထံမှ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခြင်းများကို ရင်ဆိုင်နေရသကဲ့သို့ အမျိုးသမီးများ အိမ်ပြင်ထွက်ပိုင်ခွင့်မရှိဟုပင် ယုံကြည်ထားကြသော ရှေးရိုးစွဲနိုင််ငံအတွင်း အမျိုးသားလုပ်ဖော်ကိုင်ဖက်များ၏ နှိမ့်ချဆက်ဆံမှုများကိုလည်း ကြံုတွေ့လာရသည်။

ပြီးခဲ့သည့်နှစ်က ကဘူးလ်တွင် အေအက်ဖ်ပီနှင့် အင်တာဗျူးတစ်ရပ်၌ ရတ်မန်နီက “ကျွန်မအနေနဲ့ ကိုယ်ကိုကို ကာကွယ်ဖို့ ပစ္စတိုအမြဲဆောင်ထားရတယ်။ ယောက်ကျားသားတွေရဲ့ အာသာငမ်းငမ်း အကြည့်တွေမှာ ကျင့်သားရနေပေမယ့် လေယာဉ်မှူးယူနီဖောင်နဲ့ စစ်တပ်အခြေစိုက်စခန်းထဲက ဘယ်တော့မှ မထွက်ခွာဘူး။ အပြင်ကို ယူနီဖောင်းနဲ့ ဘယ်တော့မှ မထွက်ဘူး။ ဘာလို့လဲဆိုတော့ ဒါက ကျွန်မကို ပစ်မှတ်ဖြစ်လာလိမ့်မှာဖြစ်လို့ပဲ။”ဟု ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly