အနုပညာနယ်ပယ်နဲ့ စာမဖတ်ကြတော့တဲ့ ရောဂါ

အနုပညာနယ်ပယ်နဲ့ စာမဖတ်ကြတော့တဲ့ ရောဂါ

အနုပညာလောကမှာ လက်ရှိရိုက်ကူးနေတဲ့ ဇာတ်လမ်းတွေ မဲပြာပုဆိုးထဲက မထွက်နို်င်တာက ရုပ်ရှင်သမားအယောက် ၁၀၀ မှာ ၉၀ လောက်က စာမဖတ်ကြလို့ဖြစ်တယ်လို့  စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်တဲ့ ဇာဂနာက သတင်းဌာနတစ်ခုကို ထုတ်ဖေါ်ပြောလိုက်ပါတယ်။

မှန်ပါတယ်။ အနုပညာသမားဆိုတာ တကယ်တော့လည်း ပြည်သူကို ပညာပေး၊ ခံစားမှုမျှဝေပေးတဲ့သူတွေဖြစ်တာမို့ စာမဖတ်ရင် စာဖတ်အားနည်းရင်၊ ဗဟုသုတမကြွယ်ဝရင်၊ ဘယ်လိုလုပ်ပြီး ရုပ်ရှင်ကြည့်ပရိတ်သတ်ကို ပညာပေးနိုင်တော့မှာလဲ။ ပိုမိုဆိုးဝါးတဲ့အကျိုးဆက်ကတော့ စာမဖတ်တဲ့ စာဖတ်အားနည်းတဲ့ အနုပညာရှင်ဟာ ပရိတ်သတ်ကို လမ်းမှားနဲ့ လမ်းမှန်၊ အဓိကနဲ့ သာမည မကွဲအောင်ဖြစ်စေပြီး ဘဝရဲ့ မှားယွင်းတဲ့ရွေးချယ်မှု၊ မှားယွင်းတဲ့စံထားမှုတွေဘက်ကို အချိန်မရွေးတွန်းပို့သလို ဖြစ်စေ အင်မတန်မှားယွင်းတဲ့ အကျိုးဆက် ဖြစ်စေမှာ သေချာနေပါတော့တယ်။ စာမဖတ်ကြတဲ့ရောဂါဟာ ကူးစက်မြန်ြ့ပီး ရလဒ်အင်မတန်ဆိုးစေပါတယ်။

စာဖတ်တဲ့အခါ စာပေဗဟုသုတကြွယ်ဝတဲ့အနုပညာရှင်ဟာ အကောင်းအဆိုး အကျိုးအပြစ်ကို ခွဲခြားနိုင်စွမ်း အားသာစေပါတယ်။ အထူးသဖြင့် လူတွေရဲ့စိတ်ကို ရသအနုပညာနဲ့ စည်းရုံးနိုင်စွမ်း ပိုရှိပါတယ်။ လူတွေရဲ့အတွေးအခေါ်အယူအဆတွေကို ကြွယ်ဝအားကောင်းမြင့်မားအောင် ဆွဲဆောင်နိုင်စွမ်း ရှိစေနိုင်ပါတယ်။ စာဖတ်အားနာတဲ့ အနုပညာရှင်ဟာ တီထွင်ဖန်တီးမှု ပိုပြီး အခွင့်သာစေမှာဖြစ်လို့ သူထုတ်လုပ်တဲ့ အနုပညာပစ္စည်းဟာ သစ်လွင်ဆန်းပြားစေမှာဖြစ်ပြီး ပရိတ်သတ်ကို ကောင်းကောင်းဖမ်းစား စည်းရုံးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဘယ်တိုင်းပြည်မှာမဆို အနုပညာရှင်တွေဟာ ယဉ်ကျေးမှုနယ်ပယ်ရဲ့ တပ်ဦးမှာရှိတယ်လို့ တင်စားသတ်မှတ်ခံကြရတာဖြစ်ပါတယ်။

စွယ်စုံပညာရှင် ဇာဂနာရဲ့ စကားအရပြောရရင် ဒီကနေ့ မြန်မာ့ရုပ်ရှင်အဆင့်အတန်း နိမ့်ကျလာနေတဲ့ အကြောင်းရင်းလက်သည်တရားခံဟာ အကြောင်းရင်းများစွာရှိမှာဖြစ်ပေမယ့်လည်း အနုပညာရှင်တွေ စာမဖတ်ကြလို့ဖြစ်တယ်ဆိုတဲ့အချက်က အင်မတန်အရေးပါတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းပယ်နိုင်ပါဘူး။

ဒီကနေ့ မြန်မာ့ရုပ်ရှင်တွေဟာ ယေဘုံယျအားဖြင့်ဆိုရင် လူတွေ လှောင်ပြောင် အထင်သေးခံရလောက်အောင် အဆင့်အတန်း နိမ့်ကျလာနေတာလည်း အထင်အရှားပါပဲ။ အင်တာနက် လူမှုကွန်ရက်နယ်ပယ်မှာဆိုရင် မြန်မာပေါကားတွေ ရပ် ဆိုတဲ့ခေါင်းစဉ်မျိုးနဲ့ ၀ိုင်းဝန်းပစ်တင်ဝေဖန်လာကြရတဲ့အထိ ဖြစ်ပါတယ်။ ဒါဟာ တမင်သက်သက် နှိမ့်ချလိုတဲ့ သဘောမဟုတ်ဘဲ လက်ရှိ မြန်မာရုပ်ရှင်တွေရဲ့ ပကတိ အခြေအနေအမှန်ကို ထင်ဟပ်ရိုက်ခတ်လာတဲ့ ဂယက်တွေပဲဖြစ်ပါတယ်။

မြန်မာရုပ်ရှင်နယ်ပယ်မှာ တချိန်ကဆိုရင် ရသမြင့်မားကောင်းမွန်လှတဲ့ ရုပ်ရှင်ဇာတ်ကားတွေ အုံနဲ့ကျင်းနဲ့ ထွက်ရှိခဲ့ဖူးပါတယ်။ မြန်မာရုပ်ရှင် ရွှေခေတ်လို့တောင်မှ တင်စားပြောဆိုခံရတဲ့ ခေတ်မျိုး ရှိခဲ့ဖူးတာပဲ။ ပုလဲမျက်ရည်၊ သွေးနဲ့ချွေးနဲ့ ရင်းသည့်မြေ၊ ပန်းပန်လျက်ပါ၊ အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ ရုပ်ရှင်ကြည့်ပရိသတ်ကို အပြင်းအထန် စည်းရုံးလွှမ်းမိုးထားနိုင်ကြတဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်ကြတဲ့အပြင် လူတွေ စိတ်နေစိတ်ထားနဲ့ ယဉ်ကျေးမှုအနေအထား မြင့်မားမှန်ကန်စေရေး တွန်းအားပေးနိုင်ကြတဲ့  ဂန္ထဝင်ဇာတ်ကားကြီးတွေ ဖြစ်ခဲ့ကြတာ အသေအချာပါပဲ။ နှစ်ပေါင်းများစွာ ရုပ်ရှင်သမိုင်းဝင် ဇာတ်ကားကြီးတွေအဖြစ် ဘယ်သူမှမငြင်းပယ်နိုင်အောင် အောင်မြင်တဲ့ အများက အသိအမှတ်ပြုလေးစားရတဲ့ ဇာတ်ကားကြီးတွေပါပဲ။

ဒါကြောင့်မို့ အနုပညာရှင်တွေအများစု စာမဖတ်ကြလို့ ရုပ်ရှင်အဆင့်အတန်း နိမ့်ကျလာတာဖြစ်တယ်ဆိုတဲ့ အမြင်ကို ကျွန်တော်တို့ ထောက်ခံပါတယ်။ အမှန်တကယ်တော့လည်း လူထုကို မှန်ကန်စွာ ကူညီနိုင်ရေး၊ လူထုကို မှန်ကန်စွာ ချဉ်းကပ်ဦးဆောင်နိုင်ရေးနဲ့ လူထုကို ထိရောက်စွာ အလုပ်အကျွေးပြုနိုင်ဖို့ဆိုရင် အနုပညာနယ်ပယ်မှရယ်လို့ မဟုတ်ပါဘူး လူထုနဲ့ဆက်ဆံရတဲ့ မည်ကဲ့သို့သော နယ်ပယ်က မည်သည့်ပညာရှင်မဆို စာဖတ်နာကြဖို့ စာများများဖတ်ကြ လေ့လာကြဖို့ လွန်စွာအရေးကြီးကြောင်း မဇ္စျိမက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly