ဘိုဂိုတာ၊ ဒီဇင်ဘာ ၂၇ ။ ။ ပြီးခဲ့သည့်လက ဘရာဇီးဘောလုံးအသင်း Chapecoense အသင်းမှ ဘောလုံးသမားများ အများစုလိုက်ပါသည့် လေယာဉ်သည် ကိုလံဘီယာနိုင်ငံတွင် ပျက်ကျ၍ လူ ရ၁ ဦး သေဆုံးခဲ့မှုသည် လေယာဉ်မှူးဖြစ်သူ၏ အမှားကြောင့် ပျက်ကျခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းနှင့် ဘိုလီးဗီးယားစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က အပြစ်ဆိုကြောင်း ကိုလံဘီယာလေကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၂၆ ရက်၌ ပြောသည်။
ဘိုလီးဗီးယားအခြစိုက် LaMia က ပြေးဆွဲခြင်းဖြစ်သည့် ယင်းလေယာဉ်သည် မက်ဒယ်လင်းအရပ် တောတောင်ထူရာတွင် ပျက်ကျခြင်းဖြစ်သည်။ လေယာဉ်မှူးက ဆီဖြည့်ရန် ပျက်ကွက်သကဲ့သို့ ဆီပြတ်လပ်မှုကြောင့်ဖြစ်သော အင်ဂျင်ချွတ်ယွင်းမှုကိုလည်း အလွန်နောက်ကျသည့်အထိ အကြောင်းကြားခြင်း မရှိခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
“ပျက်ကျမှုက နည်းပညာချွတ်ယွင်းချက်ကြောင့် မဟုတ်ဘူး။ အားလုံးက လူ့အမှားကြောင့်ဖြစ်တယ်။ မချွင်းမချန်ပြောရရင် ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု၊ ဘိုလီးဗီးယားအအာဏာပိုင်တွေရဲ့ ပျံသန်းရေးအစီအစဉ်တွေကြောင့်လည်း ပါတယ်။”ဟု ကိုလံဘီယာ လေကြောင်းဘေးကင်းမှုဆိုင်ရာ အတွင်းဝန် ဖရက်ဒီဘွန်နီလာက သတင်းထောက်များအား ပြောသည်။
ဘိုလီးဗီးယားလေကြောင်းအာဏာပိုင်များနှင့် လေကြောင်းလိုင်းတို့ လက်ခံကျင့်သုံးနေသည့် ပျံသန်းရေးအစီအစဉ်က လက်ခံနိုင်စရာမရှိကြောင်း ၎င်းက ပြောသည်။
ဆီပြတ်လပ်မှုအပြင် လေယာဉ်သည် ကီလိုဂရမ် ၄၀၀ နီးပါး ၀န်ပိုတင်မှုရှိပြီး ပျံသန်းမှုအမြင့်ပေကိုလည်း တရားဝင်ဖော်ပြချက်မရှိကြောင်း ၎င်းက ပြောခဲ့သည်။
အဆိုပါ လေယာဉ်သည် ဘရာဇီးဘောလုံးအသင်းအား Copa Sudamericana ဗိုလ်လုပွဲအတွက် တင်ဆောင်ပျံသန်းလာခဲ့ချိန်တွင် ပျက်ကျခြင်းဖြစ်သည်။
လေယာဉ်ပေါ်လိုက်ပါသူအားလုံးတွင် ခြောက်ဦးသာ အသက်ရှင်ခဲ့ပြီး ကျန် ရ၁ ဦးစလုံး ပျက်ကျမှုတွင် သေဆုံးခဲ့သည်။