မသန်စွမ်းသူများအရေး ဆောင်ရွက်နေသော နယ်ရုံးခွဲ ၂၉ ခုကို စွမ်းဆောင်ရည်မြှင့်တင်ရန် ထောက်ပံ့မှုများ ပြုလုပ်မည်

မသန်စွမ်းသူများအရေး ဆောင်ရွက်နေသော နယ်ရုံးခွဲ ၂၉ ခုကို စွမ်းဆောင်ရည်မြှင့်တင်ရန် ထောက်ပံ့မှုများ ပြုလုပ်မည်

ရန်ကုန်၊ ဒီဇင်ဘာလ ၂၆ ။            ။ မသန်စွမ်းအရေး ဆောင်ရွက်နေသော မြန်မာတစ်နိုင်ငံလုံးရှိ နယ်ရုံးခွဲ ၂၉ ရုံးအား စွမ်းဆောင်ရည်မြင့် အဖွဲ့အစည်းများဖြစ်လာစေရန် ရည်ရွယ်၍ ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ CEO ဦးနေလင်းစိုးက ပြောသည်။

လာမည့် ၅ နှစ်တာကာလ အတွင်း အဆိုပါ တိုင်းနှင့်ပြည်နယ် ၁၀ ခုရှိ ရုံးခွဲများကို ပိုမိုအားကောင်းအောင် စွမ်းဆောင်ရည်မြှင့်တင်သည့် အစီအစဉ်များ၊ မသန်စွမ်းသူများ တနိုင်တပိုင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ငွေကြေးပ့ံပိုးသည့် အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

" နယ်ရုံးခွဲမှာရှိတဲ့ မသန်စွမ်းခေါင်းဆောင်တွေ ဦးဆောင်ပြီးတော့ သူတို့ နယ်မြေဒေသကို သူတို့ကိုယ်တိုင် လုပ် တာကို ကျွန်တော်တို့ ငွေကြေးနဲ့ပံ့ပိုးမယ့် အစီအစဉ်တွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ဦးနေလင်းစိုးက ပြောသည်။

ရန်ကုန်မြို့၊ Park Royal ဟိုတယ်တွင် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင်ပြုလုပ်ခဲ့သော မြန်မာနိုင်ငံမသန်စွမ်း သူများရှေ့ဆောင်အဖွဲ့၏ ၂ဝ၁၆ ခုနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များအားဖြင့် တိုးတက်ပြောင်းလဲလာသော မသန်စွမ်းသူများ၏ အခြေအနေများနှင့် အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

" အစ်မတို့အနေနဲ့ စွမ်းရည် မြှင့်တင်နိုင်ဖို့ကို လာမယ့် ၅ နှစ်မှာ ဆက်ပြီးတော့ လုပ်သွားပါမယ်"ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ အစီအစဉ်ရေးဆွဲသူ နှင့် အရင်းအမြစ်ဒါရိုက်တာ မယုယသူက ပြောခဲ့ပြီး ရုံးအသစ်ထပ်မဲ့တိုးချဲ့ရန် ဦးစားပေးမဆောင်ရွက်တော့ဟု ပြောသည်။

မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ မသန်စွမ်းသူများအတွက် ပြန်လည်ထူထောင်ရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်း၊ အလုပ်အကိုင်၊ လူမှုရေး၊ အတားအဆီးကင်းသော ပတ်ဝန်းကျင်ဖော်ဆောင်ရေး၊ နိုင်ငံရေးနှင့် ရွေးကောက်ပွဲ ဆိုင်ရာကဏ္ဍများကို ဆောင်ရွက်နေသည်။ အဖွဲ့ကို၂ဝ၁၁ ခုနှစ် မေလ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံးရုံးခွဲများအပါအဝင် အသင်းဝင် မသန်စွမ်းသူ ၃ ထောင်ခန့် ၂၇၂၇ ဦးနှင့် ဝန်ထမ်း ၅၆ ဦးတို့ဖြင့် လည်ပတ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly