ရာသီကုန်တွင် တန်းမဆင်းရရေး အတွက်အသင်းခြောက်သင်းအထိ အကြိတ်အနယ် ဖြစ်နေ

ရာသီကုန်တွင် တန်းမဆင်းရရေး အတွက်အသင်းခြောက်သင်းအထိ အကြိတ်အနယ် ဖြစ်နေ
ပွဲစဉ် ၁၂ တွင် မနောမြေအသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ အကြိတ်အနယ် ကစားစဉ်။ ဓာတ်ပုံ - MFF

ရန်ကုန်၊ ဇူလိုင် ၂၀ ။     ။ ၂၀၁၅ အူရီဒူး မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၂ ပွဲစဉ်များအပြီးတွင် အမှတ်ပေးဇယားကို ရန်ကုန် ယူနိုက်တက်အသင်းက ဆက်လက်ဦးဆောင်နေသော်လည်း ဘောလုံး ရာသီအကုန်တွင် တန်းဆင်းဇုန်အန္တရာယ်မှ လွတ်မြောက်ရန်အသင်း ခြောက်သင်းအထိ အကြိတ် အနယ် ဖြစ်နေသည်။

ပွဲစဉ် ၁၂ အပြီးတွင် ရန်ကုန်အသင်းက ၁၂ ပွဲစလုံး အနိုင်ရကာ ရမှတ် ၃၆ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်နေပြီး ဒုတိယနှင့် တတိယနေရာတို့မှ ဧရာဝတီ၊ မကွေးအသင်းတို့ကို ရမှတ် ၁၁ မှတ်ထိ ဖြတ်နိုင်ခဲ့သည်။

အဆင့် ၄ နေရာတွင် ရတနာပုံအသင်းက ရမှတ် ၂၃ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၅ နေရာတွင် ကမ္ဘောဇအသင်းက ၁၉ မှတ်ဖြင့် ရပ်တည်နေသည်။ အဆင့် ၆ နေရာတွင် ချင်းယူနိုက်တက်အသင်းက လေးပွဲ နိုင်၊ သုံးပွဲ သရေ၊ ငါးပွဲ ရှုံး ရမှတ် ၁၅ မှတ်ဖြင့် ရပ်တည်နေသည်။

သို့သော် အဆင့် ၇ မှစတင်ကာ အဆင့် ၁၂ အထိ ဇွဲကပင်၊ ဇေယျာရွှေမြေ၊ ရခိုင်ယူနိုက်တက်၊ မနောမြေနှင့် ဟံသာဝတီအသင်း စသည့်အသင်းခြောက်သင်းမှာ ဘောလုံးရာသီကုန်တွင် တန်းဆင်းဇုန်မှ လွတ်မြောက်ရန် အကြိတ်အနယ် ကစားရမည်ဖြစ် သည်။

အဆင့် ၇ နေရာတွင် နေပြည်တော်အသင်းက ရမှတ် ၁၂ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၈ နှင့် ၉ နေရာများတွင် ဇွဲကပင် အသင်းနှင့် ဇေယျာရွှေမြေအသင်းတို့က ရမှတ် ၁၁ မှတ်စီဖြင့် ရပ်တည်နေသည်။ အဆင့် ၁၀ နှင့် ၁၁ နေရာများတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် မနောမြေအသင်းတို့က ရမှတ် ရှစ်မှတ်စီဖြင့် ရပ်တည်နေပြီး အမှတ်ပေးဇယား အဆင့် ၁၂ အောက်ဆုံးတွင် ဟံသာဝတီအသင်းက ရမှတ် ခုနစ်မှတ် ဖြင့် ရပ်တည်နေသည်။

ဟံသာဝတီအသင်းသည် ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန်ထိ နိုင်ပွဲ မရရှိသေးဘဲ ခုနစ်ပွဲ သရေ၊ ငါးပွဲ ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယား အောက်ဆုံးတွင် ရောက်ရှိနေသောကြောင့် လက်ကျန် ပွဲစဉ်များတွင် နိုင်ပွဲရရှိရန် အရေးကြီးနေသည်။

အမှတ်ပေးဇယား အဆင့် ၇ မှစတင်ကာ အဆင့် ၁၂ အတွင်း ရပ်တည်နေသော အသင်းခြောက်သင်းမှာ အမှတ်ကွာဟမှု ကျဉ်းမြောင်း နေသောကြောင့် တန်းဆင်းဇုန်မှ လွတ်ကင်းရန် အကြိတ်အနယ် ရုန်းကန်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly