လူထုသတင်းသမားများ သည့်ထက်တိုးပွား ပေါ်ပေါက်လာစေရေး

လူထုသတင်းသမားများ သည့်ထက်တိုးပွား ပေါ်ပေါက်လာစေရေး
 

၂၀၁၆ ခုနှစ်အတွင်း နည်းမျိုးစုံ အကြောင်းမျိုးစုံနဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သတင်းသမားဦးရေဟာ ၅၇ ယောက် ရှိခဲ့ပါတယ်။ ဒါက နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်ချက်အရ သိကြရတာပါ။ ဒီအထဲမှာ ကျွန်တော်တို့မြန်မာနိုင်ငံက သတင်းထောက် ကိုစိုးမိုးထွန်းလည်း တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

သတင်းသမားတွေဆိုတာ အားလုံးသိကြတဲ့အတိုင်း “ပြည့်မျက်လုံး ပြည့်နား”အဖြစ် တင်စားခေါ်ဆိုခံကြရတဲ့ ပြည်သူ့ဘက်တော်သားတွေပဲဖြစ်ပါတယ်။ ကွယ်လွန်သူ သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ စကားအရ ပြောရရင် “သတင်းသမားမှန်ရင် ဘက်လိုက်ရမယ်။ မှန်တဲ့ဘက်က လိုက်ရမယ်”ဆိုတဲ့စကားအရ သတင်းအမှန်ကို ပြည်သူထံ အစီရင်ခံရတဲ့ မွန်မြတ်ကြီးမားတဲ့တာဝန်ကို ယူထားကြရသူများဖြစ်ပါတယ်။ ပြည်သူတွေ သိသင့်သိထိုက်တဲ့သတင်းဟူသမျှ စဉ်ဆက်မပြတ် ဖေါ်ထုတ်တင်ပြရမယ့်တာဝန်ဟာ သတင်းသမားရဲ့ မဟာတာဝန်ပါပဲ။ ဒါကြောင့်မို့ သတင်းသမားကို ပြည်သူတွေက အလေးအနက်ထား ကြပါတယ်။ လေးစားကြပါတယ်။ ချစ်ခင်ကြပါတယ်။ အသိအမှတ်ပြုကြပါတယ်။

သတင်းသမားတွေကို အလေးအနက်မထား၊ အမုန်းပွားပြီး ရန်သူလိုသဘောထားတဲ့သူတွေလည်း မရှိမဟုတ်၊ ရှိပါတယ်။ သူတို့ကတော့ အစွန်းရောက်သူတွေ၊ ၀ိသမလောဘကြီးသူတွေ၊ အာဏာရှင်တွေ၊ ဒုစရိုက်သမားတွေ ကိုယ်ကျိုးကိုပဲကြည့်ပြီး လူတစ်စုအကျိုးကိုပဲကြည့်ပြီး တိုင်းပြည်နဲ့လူမျိုးမျက်နှာ မကြည့်တတ်ကြတဲ့သူတွေက သတင်းသမားကို မုန်းကြပါတယ်။ ဘာပြုလို့ လည်းဆိုတော့ သတင်းသမားက လူတစ်စုအကျိုးထက် လူထုအကျိုးကိုပဲ ဦးထိပ်ထားသူဖြစ်လို့ပါပဲ။ အစွန်းရောက်သူတွေ၊ ၀ိသမလောဘသမားတွေ၊ အာဏာရှင်တွေ၊ ဒုစရိုက်သမားတွေ ဆိုတာက အများအကျိုး ထိခိုက်စေတဲ့သူတွေဖြစ်တော့ကာ အများအကျိုးကိုပဲ ဦးထိပ်ထားရတဲ့ သတင်းသမားဟာ သူတို့အတွက် ပစ်မှတ်ထားရမယ့်သူတွေ ဖြစ်လာခဲ့တာပဲပေါ့။ ဒီလိုနဲ့ပဲ သတင်းသမားတွေ တိုက်ခိုက်ခံကြရ၊ အသက်အသေခံကြရတဲ့အဖြစ်ကို ရောက်ကြရတာပါပဲ။

ဒီရက်ပိုင်းအတွင်းမှာပဲ ရခိုင်ပြည်နယ်ထဲက ပြည်သူ့သတင်းသမားလို့ဆိုရမယ့် အရပ်သားတစ်ယောက် ခေါင်းဖြတ် အသတ်ခံရပါတယ်။ သူဟာ ဘယ်သတင်းဌာနကိုမှ ကိုယ်စားပြုသူ သတင်းသမားအလုပ်နဲ့ ရပ်တည်နေထိုင်သူတော့မဟုတ်ပါဘူး။ ဒါပေမယ့် သတင်းတချို့ကို အမှန်အတိုင်းဖေါ်ထုတ်ရယူနိုင်ဖို့ ကူညီသတင်းပေးခဲ့သူဖြစ်ပါတယ်။   စေတနာ့ဝန်ထမ်း   ပြည်သူ့ သတင်းသမားဆိုရင်လည်း မမှားပါဘူး။ သူက ရခိုင်ပြည်နယ်ထဲက ရဲစခန်းတချို့ အတိုက်အခိုက်ခံရမှုမှာ ဘယ်သူတွေပါ၀င်နိုင်တယ်ဆိုတဲ့ သတင်းလမ်းစနဲ့ တပ်မတော်က သူတို့ကျေးရွာမှာ လူသတ်၊ မုဒိမ်းကျင့်တာမျိုး မလုပ်ဘူးဆိုပြီး ထုတ်ဖေါ်ပြောဆိုခဲ့သူဖြစ်လို့ သူ့ကို အစွန်းရောက်တွေက ခေါင်းဖြတ်သတ်ခဲ့တာဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ဒါဟာလည်း တကယ်တော့ အမှန်ဘက်ကရပ်တည်ပြီး သတင်းအမှန်ကို ဖေါ်ထုတ်ဖို့ကြိုးစားခဲ့သူဖြစ်တာမို့ သူဟာလည်းပဲ တကယ်တော့ ကမ္ဘာတစ်ဝှမ်းက အသတ်ခံရတဲ့ သတင်းသမားများစာရင်းမှာ အကျံုးဝင်သူတစ်ယောက် ဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။

ကျွန်တော်တို့တိုင်းပြည် လက်ရှိ ရင်ဆိုင်ကျော်လွှားနေရတဲ့ကာလအနေအထားဟာ အင်မတန် ခက်ခဲရှုပ်ထွေးတဲ့ သမိုင်းရေးအခြေအနေများအပေါ် ဖြတ်သန်းနေကြရတဲ့သဘောရှိပါတယ်။ ဒီမိုကရေစီအကူးအပြောင်းကာလဖြစ်တာမို့ ဒီမိုကရေစီမလိုလားသူများရဲ့ အဟန့်အတားအနှောက်အယှက်တွေ မရှိမဟုတ် ရှိကို ရှိပါတယ်။ ဒီမိုကရေစီဆိုတာက အများအကျိုးကို အခြေခံပြီး ဒီမိုကရေစီ မလိုလားသူတွေ ဆိုတာက အများအကျိုး ဆန့်ကျင်သူတွေဖြစ်ပါတယ်။ ဒီကြားထဲ နှစ်ပေါင်းခြောက်ဆယ်လောက် အာဏာရှင်စနစ် လှောင်အိမ်ထဲ ခေါက်ရိုးကျိုးနေတဲ့ အဂတိလိုက်စားမှုတွေ၊ အတွေးအခေါ်ဟောင်းတွေ ကလည်း ဒီမိုကရေစီအတွက် အဟန့်အတားတွေပါပဲ။

ဒါကြောင့်မို့ ဒီလိုကာလကြီးမှာ သတင်းဌာနတွေချည်းပဲ သတင်းလုပ်ငန်းလုပ်ရင် အခက်အခဲတွေ အများကြီး တွေ့ဖို့သေချာပါတယ်။ ပြည်သူတွေ သို့မဟုတ် စေတနာ့ဝန်ထမ်း သတင်းသမားတွေရဲ့ အကူအညီနဲ့ ပူးပေါင်းပါ၀င်ဆောင်ရွက်မှု မရှိရင် ပြည်သူတွေဟာ သတင်းကို မှန်မှန်နဲ့ မြန်မြန်သိဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ပြည်သူ့သတင်းသမားတွေ တိုးပွားထွန်းကားဖို့လိုအပ်ကြောင်းနဲ့ ကျွန်တော်တို့ပြည်သူများကလည်း သတင်း လုပ်ငန်းကြောင့် အသက်အိုးအိမ်စည်းစိမ် ပေးဆပ်ကြရတဲ့ သတင်းထောက်များ၊ သတင်းသမားများကို ၀န်းရံထားကြဖို့၊ အလေးအနက်ထား ဂုဏ်ပြုကြဖို့ လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly