မျှမျှတတနိုင်ပါက ရွေးကောက်ပွဲ ရလဒ်ကိုလေးစားမည် ဟုမြန်မာစစ်တပ် အကြီးအကဲပြောကြား

မျှမျှတတနိုင်ပါက ရွေးကောက်ပွဲ ရလဒ်ကိုလေးစားမည် ဟုမြန်မာစစ်တပ် အကြီးအကဲပြောကြား

ရန်ကုန်၊ ဇူလိုင် ၂၀ ။     ။ မြန်မာနိုင်ငံ၏ စစ်တပ်အကြီးအကဲက နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်ကိုလေးစား မည်ဖြစ်ကြောင်းနှင့် အကယ်၍ တောင်းဆိုလာခဲ့ပါက သူကိုယ်တိုင်လည်း သမ္မတဖြစ်လာနိုင်ခြေ ရှိကြောင်းပြောကြားသည်။

“ဘယ်သူပဲနိုင်နိုင် မျှမျှတတနိုင်ရင် ရလဒ်ကို လေးစားမှာပါ” ဟု အနောက်မီဒီယာတစ်ခုနှင့် ရှားရှားပါးပါး အင်တာဗျူးအဖြစ် ဇူလိုင် ၂၀ ရက်က ဘီဘီစီနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။  

“ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ ဆန္ဒပါ။ ကျွန်တော်တို့ တတ်နိုင်တဲ့ ဘယ်နည်းနဲ့မဆို ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတမှုရှိအောင် ကူညီသွားဖို့ သန္နိဋ္ဌာန် ချမှတ်ထားပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောသည်။

ဆယ်စုနှစ်များအတွင်း အလွတ်လပ်ဆုံးဖြစ်မည်ဟု မျှော်လင့်ရသည့်အတွက် နိုဝင်ဘာ ၈ ရက် တွင် မဲပေးပိုင်ခွင့်ရှိသူ သန်း ၃၀ ခန့်မှာ မဲရုံများဆီသို့ သွားရောက် မဲထည့်ကြလိမ့်မည် ဟုမျှော်လင့်ရသည်။

မြန်မာနိုင်ငံမှာ အတိုက်အခံများကို ချေမှုန်းပစ်ပြီး စီးပွားရေးကိုလည်း လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်တစ်စုသာ ချမ်းသာသွားသည့် အခြေအနေအထိ ဖျက်ဆီးပစ်ခဲ့သည့် ရက်စက်၊ အထီးကျန်၊ သံသယများသော စစ်အစိုးရ လက်ထက်တွင် အဘက်ဘက် မှအောက်ကျနောက်ကျ ညှိုးငယ်နေခဲ့ရသည်။

၂၀၁၁ ခုနှစ်တွင် စစ်ဗိုလ်ချုပ်ဟောင်းများ ကြီးစိုးသည့် အရပ်သားတစ်ပိုင်း အစိုးရကို စစ်တပ် က နေရာပေးလာသောကြောင့် အနောက်အုပ်စုက ဒဏ်ခတ်ပိတ်ဆို့မှု အများစုကို ဖယ်ရှားပေးလာခဲ့ သည်။   

နိုဝင်ဘာ ရွေးကောက်ပွဲများမှာ နှစ်ပေါင်း အစိတ်ခန့်အတွင်း ပထမဆုံးအကြိမ်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲဖြစ်ပြီး ၊ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) လည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ အကယ်၍ ရွေးကောက်ပွဲများသာ အမှန်တကယ် လွတ်လပ်ပြီး တရားမျှတပါက NLD က အကြီးအကျယ် အနိုင်ရမည်ဟု မျှော်လင့်နေကြသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တိုးတက်မှုကို အကဲဖြတ်ခွင့်ရရှိမည် ဖြစ်သည်။

သို့ရာတွင် လွှတ်တော်တွင် အမတ်နေရာ ၂၅ နေရာကို စစ်တပ်အတွက် ဆက်လက်ချန်လှပ် ထားဦးမည်ဖြစ်ရာ အတိုက်အခံက သိမ်းကြုံးအနိုင်ရရင်သော်မှ စစ်တပ်က နိုင်ငံရေးနယ်ပယ်တွင် ဆက်လက် သြဇာလွှမ်းမိုးနေဦးမည်သာ ဖြစ်သည်။  

သဘောထား ကွဲလွဲသူများကို ဖိနှိပ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၁၅ နှစ်နီးပါး နေအိမ် အကျယ်ချုပ် ချထားခဲ့သည့် ယခင် စစ်အစိုးရ လက်ထက်တွင် ရေးဆွဲခဲ့သည့် မြန်မာဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ စောင့်ရှောက်သူအဖြစ် အခန်းကဏ္ဍကို စစ်တပ်က ရယူထားသည်ဟု လေ့လာသူများက ပြောကြားသည်။

NLD က စစ်တပ်၏ အခန်းကဏ္ဍကို လျှော့ချရေး ဖွဲ့စည်းပုံကိုပြောင်းလဲ ရန်နှင့်ဒေါ်အောင်ဆန်းစုကြည်အားနိုင်ငံခြား တွင်မွေးဖွား သည့် သားနှစ်ယောက်ရှိသောကြောင့် သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားသည့် ဥပဒေ ပုဒ်မကိုလည်း ပယ်ဖျက်ပေးရန် ကြိုးစားနေ သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းက ဖွဲ့စည်းပုံ အစိတ်အပိုင်းအချို့ ပြောင်းလဲမှုကို လမ်းဖွင့်ပေးထားကြောင်း အင်တာဗျူး တွင်ပြောကြားသည်။ ဆက်လက်ပြီး ဆယ်စုနှစ်များစွာ ကြာမြင့်သည့် ပြည်တွင်းစစ် အဆုံးသတ်၍ ကြိုးပမ်းမှုများနှင့် ပတ်သက် ၍လည်း စစ်မှန်သော လုံခြုံမှု မရှိဘဲ ပြည်သူများကို ပြဿနာများနှင့် ထားရစ်ခဲ့၍ မဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။  

အစိုးရ၊ စစ်တပ်နှင့် လက်နက်ကိုင် သူပုန်များကြား မြန်မာနိုင်ငံ၏ ရေရှည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ မတ်လက အပစ်ရပ်ရေး သဘောတူညီချက် မူကြမ်းကို လက်မှတ်ရေးထိုးပြီးနောက် မကြာသေးမီ လများက ပျက်ပြားသွားခဲ့သည်။

သမ္မတ တာဝန်ထမ်းဆောင်ရန် အစီအစဉ်ရှိပါသလားဟု မေးမြန်းရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကနောက်နှစ်အငြိမ်းစား ယူသည်အထိစစ်တပ်အကြီးအကဲအဖြစ်သာ ဆက်ရှိနေဦး မည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း သမ္မတရာထူးလက်ခံနိုင်ခြေ ကိုမူ ငြင်းဆန်သွားခဲ့ခြင်း မရှိပေ။

“လိုအပ်လာရင် နိုင်ငံအတွက် ကျရာနေရာက တာဝန်ထမ်းဆောင်ဖို့ ပြင်ဆင်ထားရမှာပါ။ ဒါဟာ ကျွန်တော်တို့ အမျိုးသားနိုင်ငံရေး ရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ တကယ်လို့ ပြည်သူက ကျွန်တော့် ကို သမ္မတ လုပ်ဖို့ တောင်းဆိုလာရင် အဲဒီအချိန်ကျမှပဲ ဆုံးဖြတ်မှာပါ” ဟု ၎င်းက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly