လာမည့်နှစ်အတွက် စံချိန်တင်ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၅၅၂သန်းအသုံးပြုရန် ဖိလစ်ပိုင်အဆိုပြု

လာမည့်နှစ်အတွက် စံချိန်တင်ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၅၅၂သန်းအသုံးပြုရန် ဖိလစ်ပိုင်အဆိုပြု

မနီလာ၊ ဇူလိုင် ၂၀ ။   ။ အငြင်းပွား တောင်တရုတ်ပင်လယ်တွင် စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းများ တိုးတက်ရေးအတွက် ဖရီးဂိတ်စစ်သင်္ဘောများ၊ ထောက်လှမ်းရေးလေယာဉ်များနှင့် ရေဒါများဝယ်ယူရန် လာမည့်နှစ်တွင် စံချိန်တင်ကာကွယ်ရေး အသုံး စရိတ်အဖြစ် ပီဆို ၂၅ ဘီလျံ(အမေရိကန်ဒေါ်လာ ၅၅၂သန်း) အသုံးပြုရန် ဖိလစ်ပိုင်က အဆိုပြုသည်ဟု အရာရှိများက ဇူလိုင် ၂၀ တွင်ပြောကြားခဲ့သည်။

စစ်တပ်အား ခေတ်မီအောင်ပြုလုပ်မည့် ယင်းငွေပမာဏမှာ သမ္မတ ဘီနစ်နိုအကွီနို၏ ၂၀၁၆ ခုနှစ်အတွက် ၃ ထရီလီယံပီဆို ဘတ်ဂျက်ဥပဒေကြမ်း၏ အစိတ်အပိုင်းဖြစ်သည်။ ၂၀၁၆ခုနှစ်မှာ အကွီနိုအတွက် သမ္မတရာထူးနောက်ဆုံးနှစ်ဖြစ်ပြီး ဒုတိယ သက်တမ်းအတွက် ရွေးချယ်ခံခွင့် မရှိပေ။ လာမည့်နှစ်အတွက် ဘတ်ဂျက်အဆိုပြုမှုမှာ လက်ရှိ ၂ဒသမ၆ထရီလီယံပီဆိုထက် ၁၅ဒသမ၁ရာခိုင်နှုန်း ပိုများသည်ဟု ဘတ်ဂျက်နှင့် စီမံရေးအတွင်းဝန် ဖလောရင့်စီယိုအာဘက်က ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပြုထားသည့် အစိုးရအသုံးစရိတ်၏ ၈၀ရာခိုင်နှုန်းကို လက်ရှိလုပ်ဆောင်နေသည့် အစီအစဉ်များနှင့် စီမံကိန်းများတွင် အသုံးပြုမည်လည်း ၎င်းကပြောကြားသည်။

"၂၀၁၆မှာ ကွန်ဂရက်ကို ကျွန်တော်တို့ရဲ့ အဆိုပြုမှုက ခေတ်မီရေးအစီအစဉ်အတွက် ၂၅ဘီလျံပီဆိုဖြစ်ပါတယ်"ဟု အာဘက်က ရိုက်တာသို့ပြောကြားခဲ့သည်။ ယင်းပမာဏမှာ ဆယ်စုနှစ် နှစ်နှစ်အတွင်း စစ်တပ်ခေတ်မီရေး အသုံးစရိတ်မှာ အမြင့်ဆုံးဖြစ်လိမ့် မည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

သမ္မတက ဇူလိုင် ၂၇တွင် နိုင်ငံတော်အခြေပြုမိန့်ခွန်းပြောကြားပြီးနောက် နောက်အပတ်ထဲတွင် အစိုးရ၏ အဆိုပြုထားသည့် ဘတ်ဂျက်ကို ကွန်ဂရက်သို့ တင်သွင်းမည်ဟု အာဘက်က ပြောကြားသည်။

ဖိလစ်ပိုင်က ဝယ်ယူမည့် လက်နက်များတွင် အရစ်ကျဖြင့် ပေးချေရမည့် တောင်ကိုရီးယားလုပ် FA50 အပေါ့စားတိုက်လေယာဉ် ၁၂စင်းလည်းပါဝင်သည်။ ယင်းအမျိုးအစားလေယာဉ်နှစ်စင်းမှာ ယခုနှစ် ဒီဇင်ဘာတွင် ရောက်ရှိမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly