ရခိုင်ပြည်နယ်ခရီး နှင့် ပကတိအခြေအနေများ သုံးသပ်ခြင်း

ရခိုင်ပြည်နယ်ခရီး နှင့် ပကတိအခြေအနေများ သုံးသပ်ခြင်း

မီဒီယာအဖွဲ့ဝင် ၁၂ ဦးမှ ပြန်ကြားရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ဒီဇင်ဘာလ ၁၉ ရက်မှ ၂၂ ရက်အထိ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေနှင့် ထိုဒေသများရှိ ကျေးရွာများသို့ သွားရောက်လေ့လာသတင်းယူခဲ့ကြသည်။ သွားရောက်လေ့လာသတင်းရယူသည့် မဇ္ဈိမမီဒီယာမှ အယ်ဒီတာချုပ် ဦးစိုးမြင့်က သူ့အတွေ့အကြံုကို အခုလိုပြောခဲ့သည်။ ပြည်ပသတင်းမီဒီယာများတွင် ရေးသားဖော်ပြခဲ့မှုများရှိခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုကဲ့သို့သော ကိစ္စရပ်များ ဖော်ပြခဲ့သောကြောင့် ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာ ၁၂ ဦးမှ သွားရောက်ခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံသတင်းရယူခဲ့သည်။ ထိုသို့ သတင်းရယူခွင့်ကြောင့် မီဒီယာများ အခြေနေများကြားသိခဲ့ရသောကြောင့် ထပ်မံပြီး မီဒီယာများ သတင်းရယူခွင့်ပေးပါက ပိုမိုပြီး သတင်းများဖော်ပြနိုင်လာနိုင်မည်ဖြစ်သည်။

သွားရောက်တဲ့ ဖြစ်စဉ်အကြမ်းလေး ပြောပြပေးပါရှင့်။

အောက်တိုဘာ ၉ ရက် နယ်ခြားစောင့်ရဲစခန်းတစ်ချို့ အကြမ်းဖက်တိုက်ခိုက်တဲ့နေရာတွေ၊ အဲဒီရွာတွေမှာ ဖြစ်ခဲ့တဲ့နေရာတွေကို သွားကြည့်တာက တစ်ချက်၊ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဘယ်လိုမျိုး စီမံဆောင်ရွက်မှုတွေလုပ်တယ်။ နောက်ပြီး စစ်ဆင်ရေးနယ်မြေတွေမှာ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့၊ နောက် ပြန်ပြောဆိုချက်တွေ ပါလာတာပေါ့၊ နောက်တစ်ခုကတော့့ အဲဒေသတွေ၊ ရွာတွေ သွားတဲ့အခါမှာ သူတို့လက်ရှိ နေထိုင်စားသောက်မှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဲဒါတွေ လေ့လာမေးမြန်းခဲ့ပါတယ်။

ဒေသခံရွာသားတွေရဲ့ နေထိုင်စားသောက်ရေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

မောင်တော၊ ကြိမ်ချောင်းရွာကို သွားတယ်။ အဲဒီမှာ ရခိုင်တိုင်းရင်းသားလည်း ရှိတယ်၊ မွတ်စလင်အသိုက်အဝန်းတွေလည်း နေထိုင်တယ်။ အဲလိုယှဉ်တွဲနေထိုင်တဲ့ရွာတွေ သွားကြည့်တယ်။ ဘူးသီးတောင်မှာလည်း ဆေးရုံကိုသွားတယ်။ လူမျိုးဘာသာမရွေး ကုသပေးနေတယ်။ ဒါကတော့ ပြသနာတွေမရှိဘဲ ပုံမှန်လည်ပတ်နေတဲ့ ရွာတွေရဲ့ အခြေအနေပေါ့။  မောင်တော အလယ်သံကျော်ရွာဆိုရင် လူမှုအသိုက်အဝန်းတွေအကြား ပြဿနာတွေ မရှိပေမယ့် သူတို့ ငါးဖမ်းလှေလုပ်ငန်းက ပင်လယ်ထွက်ပြီး ငါးဖမ်း၊ ပုစွန်မွေးတွေ အဓိကလုပ်ကြတော့ သူတို့ရဲ့ စီးပွားရေးထိခိုက်တယ်ဆိုတာ ပြောပြတာပေါ့။  နေထိုင်စားသောက်အခြေအနေနဲ့ ခုနောက်ပိုင်းဖြစ်လာတဲ့အခက်အခဲတွေပေါ့။ အတူယှဉ်တွဲနေထိုင်တဲ့ ရွာတွေမှာ ဗုဒ္ဒဘာသာဝင်ရော အစ္စလာမ်ဘာသာဝင်ရော ဟိန္ဒူဘာသာဝင်တွေရော တစ်သံတည်းထွက်တာက အောက်တိုဘာလ တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်းမှာ သူတို့ရဲ့စားဝတ်နေရေး အခက်အခဲတွေ ရှိလာတယ်။ အဓိကတော့ သူတို့လုပ်နေကြပုံစံ စီးပွားရေးလုပ်ငန်းတွေ လုပ်လို့မရဘူး။ ခက်ခဲတယ်ဆိုတာပြောတယ်။ အမြန်ဆုံးပြန်ကောင်းသွားစေချင်တယ် ပြောတယ်။ ရခိုင်ပြည်နယ်အစိုးရက ငါးဖမ်းလှေတွေပိတ်ထားတာ မရှိပါဘူးလို့ဆိုပေမယ့် အောက်ခြေမှာ ရွာတွေမှာ ပင်လယ်ထွက်ငါးဖမ်းတာတွေ ခွင့်မပြုလို့ စီးပွားရေးတွေထိခိုက်နေတာတွေ ကြားသိရတယ်။ နယ်စပ်မောင်တော Port of Entry ကလည်း အလားတူ လက်ရှိအထိ ကုန်စည်အဝင်အထွက် ပိတ်ထားလို့ ဒီဇင်ဘာလ အတွင်းမှေ ျာ်မှန်းချက်ပြည့်မှီဖို့မရှိတော့ဘူး လို့သိရတယ်။

သွားလာမှုအခြေအနေကရော ဘယ်လိုရှိပါလဲ။

မွတ်စလင်အသိုက်အဝန်းဘက်က ပြောတယ်။ တစ်ရွာနဲ့တစ်ရွာ သွားလာမှုမရတော့ဘူး။ နှစ်မျိုးဖြစ်ပုံရတယ်။ ကိုယ့်ဟာကိုယ်လည်းမသွားရဲဘူး။ သွားဖို့ခွင့်တောင်းလည်းမရဘူးလို့ဆိုတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်းခက်ခဲတယ်။ ပြဿနာတွေကြောင့် အသိုက်အဝန်းကြား ယုံကြည်မှုလျော့နေတော့ မကူးသန်း၊ မလာရဲဖြစ်နေတာ။ မောင်တောရော၊ ဘူးသီးတောင်မှာက ရခိုင်တိုင်းရင်းသားက လူနည်းစုဆိုတော့ သူတို့လည်း ကိုယ့်နေရာမှာ ကိုယ်နေ၊ ဒါမှမဟုတ် လုံခြံုရေး နောက်ခံအားယူပြီး သွားလာ ကူးလူးနေရတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီးေ ပြာနေကြတဲ့အပေါ် ပြောပြပေးပါဦး။

ခရီးစဉ်မစခင်ကလည်း ကြားနေတယ်။ နိုင်ငံတကာမီဒီယာနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ဘာပြောလဲဆိုတော့ လူနေအိမ်တစ်ချို့ကို မီးရှို့ခံရတယ်။ အမျိုးသမီးတစ်ချို့အဓမ္မပြုကျင်ခံရတယ်လို့ နိုင်ငံခြားမီဒီယာတစ်ချို့ရေးတယ်။ ဒီခရီးစဉ်မှာလည်း ရွာအချို့ကိုရောက်တယ်။ ဥပမာ မောင်တောက ပြောင်ပိုက်ရွာပေါ့။ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှု ကွပ်ကဲမှုရုံးချုပ်(ကျီးကန်းပြင်)နဲ့ သိပ်မဝေးဘူး။ အဲဒီရွာရောက်တဲ့အခါ အမျိုးသမီးအချို့ ပြောပြတယ်။ တစ်ယောက်နှစ်ယောက်က ပြောပြတာ၊ သူတို့ကို အတင်းအဓမ္မပြုကျင့်ပါတယ် လို့ ကင်မရာရှေ့မှာပြောတယ်။ ကားလမ်းမဘေးနားက ရွာတစ်ခုဖြစ်တဲ့ ဝါးဘိတ်ရွာမှာ အိမ်တွေလည်း မီးလောင်ထားတယ်။ ပြောင်ပိုက်ရွာမှာဆိုရင် အိမ်တွေတင်မက၊ စပါးခြွေလှေ့စက်လည်း မီးလောင်ထားတယ်။ သတင်းထောက်တွေက ဘာဖြစ်လဲမေးတော့ နှစ်ယောက်၊ သုံးယောက်က ဒါ မီးရှို့ခံရတာ၊ ဘယ်သူရှို့တယ်ဆိုတာကို လုံခြံုရေး အဖွဲ့အစည်းအမည်တပ်ပြီးတော့ကိုပြောတာ။ ဒါပေမယ့် ဘေးမှာ အတူပါလာတဲ့ အုပ်ချုပ်ရေးမှူးမေးကြည့်တော့ အဲလိုမျိုး လုံးဝမဟုတ်ဘူးပေါ့။ အဲဒီတော့ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာက ခုထိ ရှိတုန်းပဲ။ ဒါတွေက အချိန်ယူပြီး လေ့လာသုံးသပ်ရမယ်ပေါ့။ မသွားခင်ကလည်းကြားတယ်၊ သွားပြီးတော့လည်း ကြားနေရတယ်။

ပညာရေးနဲ့ ပတ်သက်ပြီး မြင်တွေ့တာတွေ ပြောပြပေးပါ။

ကျောင်းတော်တော်များများပြန်ဖွင့်တယ်။ တစ်ချို့ကျောင်းတွေပဲ မဖွင့်ရသေးဘူး။ ဆရာ၊ ဆရာမတွေ တွေ့တယ်။ တိုင်းရင်းသားများ၊ မွတ်ဆလင်ကလေးငယ်တွေ လာတက်တာ အနည်းငယ်ရှိတယ်။ တိုင်းရင်းသားများတယ်။ အဲဒီကျောင်းတွေက အစိုးရကျောင်းပေါ့။ မွတ်စလင်အများစုတွေကတော့ မော်လဝီဆရာတွေနဲ့ သူတို့ဖာသာ ရွာတွေထဲမှာ သင်တယ် ကြားတယ်။

တစ်ခြားဘယ်နေရာတွေရော သွားဖြစ်သေးလဲ။

မောင်တောနယ်၊ အလယ်သန်ကျော် ရွာအကြီးပဲ။ ငါးဖမ်း၊ ပုစွန်မွေးတယ်။ အဲဒီရွာကတော့ ရွာထဲ ဒါမျိုး အကြမ်းဖက်မှုတွေမဖြစ်အောင် ၀ိုင်းထိန်းတယ်။ အဲဒီလိုလူတွေ အဝင်မခံဘူးပြောကြတယ်။ မြင်းလွတ်မြို့ကတော့ ရွာကြီးပေါ့။ အဲဒီရွာက အုပ်ချုပ်ရေးအောက်မှာရှိတယ်။ နောက် တိုက်ခိုက်ခံရတဲ့အထဲမှာပါတဲ့ ကိုးတန်ကောက်၊ ပြီးတော့ အငူမော်ရွာ။ အဲဒီမှာ ပြသနာမဖြစ်ဘူး။

ါးဒီးယန်းသတင်းစာပါ သတင်းနဲ့ ပတ်သက်ပြီး အဲဒီကြက်ိုးပြင်ရွာကိုရော ရောက်ခဲ့ပါသလား။

အဲဒီရွာကို မသွားရဘူး။ မောင်တောသွားရင်း သက်ဆိုင်ရာတွေက (စုံစမ်းရေး) ကော်မရှင် ကလာတုန်းကလည်း အဲဒီသတင်းကို ကိုင်ပြီး မေးမြန်းတယ်တဲ့ ။ သတင်းထဲမှာဖေါ်ပြတဲ့ အမျိုးသမီး အဲ့ဒီရွာမှာ နေထိုင်ခြင်းမရှိဘူးလို့ ပြောကြတယ်လို့ ပြန်ကြားရတယ်။

သွားရောက်သတင်းယူတဲ့အခါမှာ ထူးခြားမှုအချို့ရှိရင် ပြောပြပေးပါဦး။

ရသေ့တောင်က ကိုးတန်ကောက်စခန်းသွားကြည့်တယ်။ တာဝန်ရှိသူတွေက ရှင်းပြတယ်။ တစ်ခုရှိတာက အဲတုန်းက တာဝန်ကျတဲ့သူတွေက တော်တော်များများ မရှိတော့ဘူး။ ဖြစ်ပြီးတဲ့နောက်ပိုင်း သူတို့ကိုရွှေ့လိုက်တယ်။ ကျန်ခဲ့သူတွေကတော့ အသေးစိတ်ရှင်းပြတယ်။ ဒေသခံတွေပြောတာကတော့ စခန်းရဲ့အခြေအနေကို ရွာထဲက သိနေတယ်ပေါ့။ စခန်းကတော့ အကျယ်ကြီး ။ တိုက်ခိုက်ခံရတုန်းက အဲဒီစခန်းမှာ ရဲတပ်သား ၁၀ ယောက်ပဲရှိတယ်။

ဖြစ်စဉ်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ရွာတွေမှာတော့ အတော်ကြီးကို စိုးရိမ်ကြောင့်ကြမှုရှိနေတယ်။ သူ့အခြမ်းကိုယ့်အခြမ်း နေ နေပေမယ့် သံသယတွေရှိနေတယ်။ ပြောင်ပိုက်ရွာ၊ ငါးခူရစခန်း၊ ကိုးတန်ကောက်စခန်း၊ ရောက်ခဲ့တယ်။ ငါးခူရဆို ရွာထဲမှာမေးမြန်းတာထက် အစိုးရကစီစဉ်ပေးတဲ့ နေရာတစ်နေရာမှာ စုမေးပြီးခေါ်တာမျိုးပေါ့။ လူကြားထဲ သွားမေးတာမဟုတ်ဘူး။ ဒါပေမယ့် ရွာထဲတော့ သွားလိုက်သေးတယ်။ ပြောင်ပိုက်ရွာကြတော့ သူတို့လည်း မီဒီယာတွေလာမယ်ဆိုလို့ စောင့်နေပုံရတယ်။ အဲ့ဒီမှာ မီဒီယာတွေကတွေ့ပြီး ရွာသူတစ်ချို့က ပြောပြတာပေါ့။ 

သွားရောက်သတင်းယူရတဲ့သူအနေနဲ့ အဲဒီအပေါ် ဘယ်လိုထင်မြင်ချက်ပေးချင်ပါလဲ။ 

အခုပြန်ရောက်ပြီး သိရတာက၊ ငါးခူရ ရွာမှာ မီဒီယာတွေကို ပြောပြတဲ့ (အစိုးရကစီစဉ်ပေးတာ) အထဲက မွတ်ဆလင်အသိုက်အဝန်း မြို့မိမြို့ဖထဲက တစ်ယောက် မီဒီယာတွေနဲ့ တွေ့ပြီင်္း ညနေမှာပဲ အသတ်ခံရတယ်သိရတယ်။ သတင်းထောက်တွေကို ပြောဖို့ တွန့်သွားမှာသေချာတယ်။ တစ်ဖက်နဲ့ အကြမ်းဖက်မှုက ဆက်ရှိန်ိုင်သေးတယ်။ ပြဿနာက ချက်ချင်းဖြေရှင်းလို့ ရမှာမဟုတ်ဘူး။ တကယ်လည်း ဆက်စပ်နေတဲ့ အကြောင်းအရာတွေ အများကြီးပဲ။ နှစ်ပေါင်းများစွာ ချွတ်ချော်လာတဲ့ မူဝါဒတွေ၊ အကြောင်းအရာတွေ စုပြီး ဖြစ်လာတယ်။ ဒါဟာ အချိန်ယူဖြေရှင်းရမယ့် ပြသနာတစ်ခုပါပဲ။ အသိုက်အဝန်းတွေအကြား ပြန်လည်သင့်မြတ်ဖို့ကတော့ အချိန်ယူပြီး၊ ပြီးခဲ့သမျှရော၊ လက်ရှိ မူဝါဒတွေရော သေသေချာချာ ပြန်လည်သုံးသပ်ပြီး၊ စိတ်ခံစားချက်တွေမပါဘဲ၊ ရေရှည်မျှော်ကိုးပြီး လုပ်မှပဲ၊ အားလုံးပါဝင်နိုင်တဲ့ ညှိနှိုင်းဆွေးနွေးဖြေရှင်းမှပဲ ရနိုင်မယ်လို့ထင်တယ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly