စောင့်ကြည့်သူကိုယ်ရေးအကျဉ်း မပြည့်စုံကလည်း ခွင့်ပြုပေးရန် ကော်မရှင်နှင့် အရပ်ဘက်အဖွဲ့တို့ သဘောတူ

စောင့်ကြည့်သူကိုယ်ရေးအကျဉ်း မပြည့်စုံကလည်း ခွင့်ပြုပေးရန် ကော်မရှင်နှင့် အရပ်ဘက်အဖွဲ့တို့ သဘောတူ

ရန်ကုန်၊ ဇူလိုင် ၂၀ ။      ။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင်များ၏ ကိုယ်ရေးအကျဉ်း မပြည့်စုံကလည်း ခွင့်ပြုပေး ရန်ကော်မရှင်နှင့် အရပ်ဘက်အဖွဲ့တို့အကြား သဘောတူညီမှုရရှိခဲ့သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ နှစ်ဘက်စလုံးက ကိုယ်စားလှယ်များက ပြောသည်။

“အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာလောက်တော့ ပါရပါမယ်။ နာမည်လောက်သိမှ သူက ပါတီစွဲကင်းတာ မကင်းတာကို ကျွန်တော်တို့ အနေနဲ့ သိနိုင်မှာပါ။ သူတို့က ပါတီစွဲကင်းသူဆိုတာရယ် တခြားအချက်တွေကို ဝန်ခံဂတိပြုထားရမယ့်သူတွေလေ" ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးညွှန့်တင်က မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းတို့က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး၊ မဲဆန္ဒရှင်ပညာပေးရေး၊ မဲစာရင်း စသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ဇူလိုင် ၂၀ ရက်တွင် PARK ROYAL ဟိုတယ်တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။

ဇူလိုင် ၂၁ ရက်တွင်လည်း နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့က တွေ့ဆုံဦးမည်ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်မည့် အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးချင်းစီက သတ်မှတ်လျှောက်လွှာ ပုံစံ(ဃ)ဖြင့် ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်လျှောက်ထားကြရ မည်ဖြစ်သည်။

“ရွေးကောက်ပွဲ ရလဒ်အပေါ်မူတည်ပြီး စောင့်ကြည်တဲ့သူတွေက စိုးရိမ်မှုတွေရှိကြတယ်။ အဲဒီတော့ နေရပ်လိပ်စာဆိုရင် မြို့နယ်လောက်ပဲ ပေးချင်တယ်။ ဖုန်းဆိုလည်း မရှိတာဆို ပေးလို့ မရဘူးလို့ ဒီနေ့ပြောခဲ့တဲ့အပေါ် ကော်မရှင်ကတော့ သဘောတူခဲ့ပါတယ်” ဟု iPACE အဖွဲ့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က မဇ္ဈိမကို ပြောသည်။

ယနေ့တွေ့ဆုံမှုအပြီး သဘောတူညီမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခြားတိုင်းနှင့် ပြည်နယ်၊ ခရိုင်မြို့နယ်များ သို့ ညွှန်ကြားလွှာများ ထုတ်ပြန်အသိပေးရန်လည်း တိုက်တွန်းခဲ့ပြီး ယင်းသို့ ဆောင်ရွက်ပေးမှု ရှိမရှိကိုလည်း အရပ်ဘက်အဖွဲ့များ က ဆက်လက် စောင့်ကြည့်သွားမည်ဟု အရပ်ဘက်အဖွဲ့များထံမှ သိရသည်။

“ကျွန်တော်တို့ သိရသလောက်ဆိုရင် တချို့အရပ်ဘက်အဖွဲ့ကသူတွေ ရွေးကောက်ပွဲ ဝင်မယ် လို့တောင် ကြားတယ်။ အဲဒီတော့ စောင့်ကြည့်မယ်သူတွေက ပါတီစွဲကင်း မကင်းဆိုတာ သိဖို့ လိုပါ တယ်။ အားလုံးမတင်နိုင်သေးရင် တာဝန်ခံသူတွေ အရင်တင်၊ ကျန်တဲ့သူတွေကို နောက်ဆက်တွဲနဲ့ တင်ဖို့တော့ ပြောလိုက်ပါတယ်” ဟုလည်း ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင်က ဆိုသည်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ ကျင့်ဝတ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လဆန်းပိုင်း၌ ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၁၈ ရက်တွင်လည်း စောင့်ကြည့်လေ့လာရေး  အဖွဲ့များက ကော်မရှင်သို့ မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ပြီးဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်အဖွဲ့ပေါင်း ၈၀ ကျော်တို့က မဲစာရင်း ပြုစုခြင်း၊ ကျင့်ဝတ် စည်းကမ်း များ၊ ရွေးကောက်ပွဲ အသိပညာပေးခြင်းစသည့် ရွေးကောက်ပွဲ လုပ်ငန်း စဉ်များကို ပူးပေါင်းလုပ်ဆောင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly