အိုင်အက်စ်လေ့ကျင့်ရေး စခန်းများတွင် ကလေးငယ်များမှာ အရုပ်များဖြင့်ခေါင်းဖြတ်လေ့ ကျင့်နေရဟုဆို

အိုင်အက်စ်လေ့ကျင့်ရေး စခန်းများတွင် ကလေးငယ်များမှာ အရုပ်များဖြင့်ခေါင်းဖြတ်လေ့ ကျင့်နေရဟုဆို

ဘဂ္ဂဒက်၊ ဇူလိုင်-၂၀ ။     ။ ကလေးအားလုံးကို ခေါင်းဖြတ်သည့် ဗွီဒီယိုများပြသပြီး၊ ၎င်းတို့၏ အိုင်အက်စ်လေ့ကျင့်ရေးမှူးများက တစ်နေ့နေ့တွင် သူတို့ကိုယ်တိုင် ခေါင်းဖြတ်ရလိမ့်မည်ဟု ပြောကြားသည်။ ကလေးများမှာ ပထမဦးစွာ နည်းစနစ်ကိုလေ့လာ ရသည်။

ကလေးငယ် ၁၂၀ကျော်ကို အရုပ်တစ်ရုပ်စီပေးပြီး ဓားဖြင့် ခေါင်းကို ဖြတ်ကြရသည်။

အီရတ် ယာဇီဒီဘာသာရေးလူနည်းစုမှ အဓမ္မခေါ်ဆောင်လာခဲ့သည့် ၁၄နှစ်အရွယ် ကလေးတစ်ယောက်က သူခေါင်းဖြတ်တာ မမှန်သေးကြောင်း၊ တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ် အကြိမ်ကြိမ်ဖြတ်ရကြောင်း ပြောကြားသည်။

‘သူတို့က ဓားကို ဘယ်လိုကိုင်ရမယ်။ ဘယ်လိုခုတ်ပိုင်းရမယ်ဆိုတာ သင်ပေးတယ်။ အရုပ်ရဲ့ခေါင်းကို မိစ္ဆာဒိဌိတွေရဲ့ ခေါင်းလို့ သဘောထားလို့လည်း ပြောတယ်’’ဟု အိုင်အက်စ်အကြမ်းဖက်သမားများက ယာဟွာဟု နာမည်ပြောင်းမှည့်လိုက်သည့် လူငယ်လေးက အိုင်အက်စ် လေ့ကျင့်ရေးစခန်းမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ပြန်ပြောင်းပြောပြသည်။    

အိုင်အက်စ်စစ်သွေးကြွများက ယမန်နှစ်က အီရတ်နိုင်ငံမြောက်ပိုင်းရှိ ယာဇီဒီမြို့ကို သိမ်းပိုက်သည့်အခါတွင် သက်ကြီးရွယ်အို များကို သတ်ဖြတ်ပစ်ကြပြီး အမျိုးသမီးနှင့် မိန်းခလေးငယ်များကို လိင်ကျွန်ပြုခဲ့ကြသည်။

ယာဟွာလို ယာဇီဒီလူငယ်လေးများမှာမူ မတူခြားနားသည့် ကံကြမ္မာဖြင့် ကြုံတွေ့ကြရသည်။ အိုင်အက်စ်တို့က ကလေးငယ်များ ကိုပြန်လည်ပညာပေးရန် ကြိုးစားသည်။ ၎င်းတို့၏ ရှေးဟောင်းဘာသာအယူမှ အစ္စလာမ်ဘာသာအတွင်းသို့ အတင်းအဓမ္မ သွတ်သွင်းပြီး၊ ဂျီဟတ်တိုက်ခိုက်ရေးသမားများအဖြစ်သို့ ပြောင်းလဲပစ်ရန် ကြိုးစားသည်။

အိုင်အက်စ်တို့လက်အောက်မှ ထွက်ပြေးလာသူများနှင့် တွေ့ဆုံမေးမြန်းချက်အရ အစွန်းရောက်များမှာ စစ်သွေးကြွမျိုး ဆက်သစ် များကို မွေးထုတ်ရန် ကြံစည်နေသည်ဟု ဆိုသည်။

ချော့တစ်ခါ၊ ခြောက်တစ်လှည့် ဦးနှောက်ဆေးသည့်နည်းလမ်းများဖြင့် အိုင်အက်စ်တို့က ဆယ်ကျော်သက်များနှင့် ကလေးငယ်များ ကို စည်းရုံးသိမ်းသွင်းနေကြသည်။ လူငယ်လေးများကို လူသတ်သမားများ၊ အသေခံဗုံးခွဲသမားများအဖြစ်သို့ အတင်းအဓမ္မပြောင်း လဲပစ်နေသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က အိုင်အက်စ်တို့ ထုတ်ပြန်ခဲ့သော ဗွီဒီယိုထဲတွင် စစ်သွေးကြွလူကြီး၏ ကြီးကြပ်မှုဖြင့် လူငယ်လေး တစ်ဦးက ဆီးရီးယားစစ်သားတစ်ဦးကို ခေါင်းဖြတ်နေသည်။ လွန်ခဲ့သည့်လက အိုင်အက်စ်တို့၏ ဗွီဒီယိုတစ်ခုတွင်လည်း ကလေး ငယ် ၂၅ယောက်က ဆီးရီးယားစစ်သား ၂၅ယောက်၏ ဦးခေါင်းများကို သေနတ်ဖြင့် ပစ်ခတ်နေပုံကို ပြထားသည်။

ကျောင်းများ၊ ဗလီများတွင်လည်း စစ်သွေးကြွများက ကလးငယ်များကို အစွန်းရောက်ဝါဒများ သွတ်သွင်းပေးပြီး၊ မိဘများကိုပင် ဆန့်ကျင်အာခံခိုင်းသည်။ စစ်သွေးကြွများက လမ်းများပေါ်တွင် ကလေးများကို အရုပ်များပေး၍ ခင်မင်အောင်လုပ်သည်။  

 ‘အနာဂတ်မျိုးဆက်တွေအတွက် ရင်လေးမိတယ်’’ဟု တူရကီရှိ ဒုက္ခသည်စခန်းတွင် ဘာသာရေးသင်ခန်းစာများ ပို့ချပေးနေသည့် ဆီးရီးယားရှိတ်တစ်ဦးဖြစ်သူ အဘူ ဟက် နက်ရှာဘန်ဒီက ပြောကြားသည်။ အိုင်အက်စ်တို့က ၎င်းတို့၏ အကြမ်းဖက်ဝါဒကို သွတ်သွင်းရန် ဆွန်နီမွတ်စလင်ကလေးငယ်များကို ပစ်မှတ်ထားသည်။ အိုင်အက်စ်တို့ ထိန်းချုပ်ထားသည့် မြို့များတွင် စစ်သွေးကြွ များကလူငယ်များကို လမ်းများပေါ်တွင် ဗွီဒီယိုများပြသကာ၊ ပွဲလမ်းသဘင်များ ကျင်းပပေးသည့်အပြင် အဖျော်ယမကာ သကြားလုံး များ ပေးဝေခြင်းများဖြင့်လည်း ဝါဒဖြန့်စည်းရုံးနေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly